ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉)မိုင်ယာဥ်ရပ်နားစခန်း၌ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ် ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး ဒု-ဝန်ကြီးဦးဝင်းဖေမှ နိုင်ငံအတွင်း လျှပ်စစ်ကားများကို ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာဆီတင်သွင်းမှုအား လျော့ချသုံးစွဲနိုင်ပြီး နိုင်ငံအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှုပိုမိုတွင်ကျယ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများက EV ကားများအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံအတွင်း EV ကားများ လျှပ်စစ် ဓာတ်အားဖြည့်သွင်းနေမှုကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသစ်ဖွင့်လှစ်ခဲ့သည့် EV ကားများအ တွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံတွင် EV ကား (၁၀)စီးနှင့် EV ဘတ်စ်ကား(၆)စီး လျှပ်စစ်ဓာတ်အားဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။