အယ်နီညို အတွက်ကြိုတင်ပြင်ဆင်ရန်နှင့် Water Use Group အဖွဲ့များအနေဖြင့် စိုက်ပျိုးရေများ မလေလွင့်စေရေး စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၇)ရက်က ကျင်းပခဲ့သည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုးစပါးစိုက်ပျိုးရာသီ ကုန်ဆုံးသွားပြီးဖြစ်၍ ကြုံတွေ့ခဲ့ရသည့် အားသာချက်/အားနည်းချက်များ သုံးသပ်ဆွေးနွေးရန်၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများအတွက် လိုအပ်သည့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ ကြိုတင်စုဆောင်းနိုင်ရေး ချိတ်ဆက်ထားရန်၊ လယ်မြေအလိုက် လိုအပ်သည့် သွင်းအားစုကို အချိုးအစားမှန်ကန်စွာဖြင့် သုံးစွဲနိုင်ရေး အသိပညာပေးရန်အတွက်လည်း ဆွေးနွေးခဲ့သည်။
ထို့အပြင် မင်းလှမြိုနယ်အတွင်း ယခင်က(၁)နှစ်တစ်သီးသာ စိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာမြေ (၁၀၀၀) ဧကတွင် တိုင်းဒေသကြီး အစိုးရအဖွဲ အစီအစဉ်ဖြင့် (၁) နှစ် နှစ်သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး စက်ရေတွင်း (၃၀၀) တူးဖော်ပေးမည့် အစီအစဉ်အပေါ် ဒုတိယ သီးနှံအား ရေ၊ မြေ၊ သဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးကူညီရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထိုနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဓါတ်မြေ ဩဇာခွဲဝေရရှိမှုနှင့် ဖြန့်ဝေပေးထားမှု၊ စိုက်ပျိုးစရိတ် ချေးငွေနှင့် သမဝါယမဘဏ်ချေးငွေများ ကောက်ခံရရှိမှု၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းပြီးစီးမှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။