အနုပညာလောကမှာ ယနေ့ အထိတိုင် ပရိသတ်တွေ အခိုင်အမာရရှိပြီး အားပေးနေဆဲ အဆိုတော်ကြီးကတော့ အဆိုတော် ဖြူသီပါ။ ဖြူသီရဲ့အမွေကို ဆက်ခံသူကတော့ သမီးဖြစ်သူ မို့မို့ပါ။ ဖြူသီက အနုပညာအမွေကို ဆက်ခံတဲ့ သမီးဖြစ်သူ မို့မို့ကို ဂီတနဲ့ပတ်သက်သော အမွေ တစ်ခုထပ်ပေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။
”အန်တီ က သူ့ကို ဂီတနဲ့ပတ်သက်ပြီး အမွေ ထပ်ပေးချင်တယ်။ အရင်တုန်းကပိုင်တဲ့ စတူဒီယိုကို အန်တီမို့မို့ကို အနုပညာအမွေအဖြစ် အန်တီပေးလိုက်တယ်။ အန်တီက အခုအသက်တွေ ကြီးလာတော့ သိပ်ပြီး မ Run နိုင်တော့ဘူး။ အန်တီ့ရဲ့အမွေကို လက်ခံတာက အန်တီ့ သမီးမို့မို့ဆိုတော့ သူ့ကို အန်တီက ဒီလုပ်ငန်းကို လွှဲလိုက်တယ်။ မို့မိုရဲ့အမျိုးသားကလည်း အင်ဂျင်နီယာပဲဆိုတော့ မို့မို့နဲ့လက်တွဲပြီးတော့ ဆက်ပြီး Run နိုင်မယ်ဆိုပြီး တော့ အန်တီ စတူဒီယိုကြီးကို လွှဲပေးလိုက်တယ်။ သူ့ကိုပေးလိုက်တော့ သူတို့ရဲ့ ဦးနှောက်၊ သူတို့ရဲ့ အတွေးသစ်၊ အမြင်သစ်နဲ့ ခေတ်နဲ့ အညီလုပ်သင့်လုပ်ထိုက်တာတွေကို သူတို့လုပ်တယ်။ ဒီစတူဒီယိုက အခု စက်တွေ လည်း အကုန်ပြောင်းသွားပြီ။ အန်တီတို့ခေတ်က သုံးခဲ့တဲ့ စက်တွေ၊ ဘာတွေကိုလည်း သူတို့က အခု Museum ပုံစံလေးလုပ်ပြီး အကုန်လုံးကို သိမ်းထားတယ်။ အခုစက်တွေ ဘာတွေလည်း သူတို့က အသစ်တွေ အကုန်လုံးသုံးထားကြတယ်။ အခု ဒီ စတူဒီယိုသည် ဟိုးအရင်က အဟောင်းနဲ့ ကွာခြားသွားပြီ။ အန်တီ သူတို့ကို လွှဲပေးရကျိုးနပ်တယ်။ အန်တီကျေနပ်တယ်”လို့ ပြောပြခဲ့ပါတယ်။ အရင်တုန်းက အနုပညာလောကနဲ့ အခုခေတ်အနုပညာလောက ကွာခြားချက်ကို လည်း ဖြူသီက ”အန်တီတို့ ခေတ်တုန်းက အနုပညာက ဒီလောက် ထိ လူတွေ အရေးမပေးဘူး။ အနုပညာလိုင်းကို ဝင်ရင်ကို အထင်နည်းနည်းသေးချင်နေတယ်။ အန်တီတို့လည်း အဲဒီလိုဖြစ်ခဲ့တယ်။ အနု ပညာလိုင်းကိုဝင်ရင်ပင် ပျက်စီးလွယ်တယ်ဆိုပြီး လူတွေက အဲဒီလို ထင်နေကြတယ်။ အခုနောက်ပိုင်းကျတော့ လူတွေက အဆိုတော်ဆိုရင် ပင် တအားကို ချီးမြှောက်စိတ်ဝင်စားနေကြတယ်။ လူတကာအချစ်ခံရတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အဆိုတော် ဘဝက တော်တော်အဆင်ပြေတယ်လို့ အန်တီမြင်တယ်။ အခုနောက် ပိုင်း အဆိုတော်တွေရဲ့ဘဝက ဖြောင့်ဖြူးနေတယ်။ ခိုးကူးခွေတွေသာ မရှိရင် တော်တော်ကြီးကို အဆင်ပြေမယ်လို့ အန်တီမြင်တယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- မင်းမင်းထွန်း