ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ရပ်ထားသည့် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ (၂၂) ရက်၊ ညနေ (၄)နာရီ (၃၅)မိနစ် အချိန်ခန့်က အဆိုပါ နေရာတွင် ကားမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီးတို့နှင့်အတူ ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ညနေ (၄)နာရီ (၄၆)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ညနေ (၄)နာရီ (၄၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ မီးလောင်မှုအကြောင်းရင်းကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ (၂၁)ရက် ည(၁၁)နာရီခွဲအချိန်ခန့်ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မလွှကုန်း မီးရထားရပ်ကွက်၊ စက်ဘီးစက်ရုံလမ်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရကြောင်း သိရသည်။