မြန်မာပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းကာ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ဒုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်ရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာ၌ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနများက လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။
အလုပ်သမားများအနေဖြင့်လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမားများ၏ ဆန္ဒသဘောထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းနိုင်ပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုကြောင်းလည်း ဒုဝန်ကြီးက တိုက်တွန်းသည်။
ထို့ပြင် အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရာ၌လဘ်း အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကာ မြို့နယ်မှတ်ပုံတင်အရာရှိမှတဆင့် မှတ်ပုံတင်အရာရှိချုပ်ဆီ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။