နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးသန်းဆွေသည် ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်၊ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီး နှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။