အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်နှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်း၍ ဒေသနှင့်လူမျိုးအကျိုးကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင်ကျရောက်သည့် နှစ် (၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌမှ သဝဏ်လွှာပေးပို့၍ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။
အာခါလူမျိုးတို့အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများသို့ ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် ၁၁ ရာစုအစောပိုင်းအချိန်ကာလများမှစ၍ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူ ပူအမျှစိတ်ဓာတ်ဖြင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကိုကိုးကွယ်ပြီး ဘာသာတရား၏ အဆုံးအမများအောက်တွင် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ စည်းလုံးညီညွတ်စွာ၊ အေးချမ်းစွာနေထိုင်ခဲ့သည်ဟု ပြောသည်။
” အာခါလူမျိုးတွေအနေနဲ့ ခေတ်အဆက်ဆက်မှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့ကြောင့် အာခါလူမျိုးတို့နေထိုင်တဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မြင့်မားနေတာကို တွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုင်လျက်ရှိ၍ နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ခြင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဟု တိုက်တွန်းပြောကြားသည်။
ထို့အတူ အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရလျှောက်လှမ်းနေသည့်လမ်းကြောင်းအတိုင်း လိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် မိမိတို့၏ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာသည်ကိုတွေ့ရှိခဲ့ရပြီးဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အကောင်အထည်ဖော်ပြီး မိမိတို့ဒေသနှင့် လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။