(၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
(၆၂) ကြိမ် မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ဒါကာမြို့အခြေစိုက် ဗီယက်နမ်သံရုံး၌ ဒီဇင်ဘာ (၂၆)ရက်၊ နံနက် (၁၀)နာရီခွဲမှ နေ့လယ် (၁၂)နာရီခွဲအထိ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းအစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Manh Cuong က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Family Day ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။