မြန်မာ့အရေးအာဆီယံ ကိုးနိုင်ငံ၏ အလွတ်သဘောအစည်းအဝေး၌ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံအနေဖြင့် အမြန်ဆုံးအကောင်ထည်ဖော်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်ကြောင်းလည်း အစည်းအဝေးတက်ရောက်သည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်ကလည်း ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တာရှည်ခံသည့် အဖြေတစ်ခု ရရှိရန် မြန်မာနိုင်ငံ၏ အဓိက သက်ဆိုင်သူများကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုသည် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန် က တိုက်တွန်းပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် အာဆီယံဆွေးနွေးပွဲများဖြစ်ရန်လည်း မျှော်လင့်ကြောင်း သူကဆိုသည်။
အထက်ပါ အစည်းအဝေးကို ထိုင်းနှင့် လာအိုက ဦးဆောင်ကာ ဘန်ကောက်မြို့၌ ၂ ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီး ပထမနေ့ အစည်းအဝေးတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် အတူ နစက ဒုဝန်ကြီးချုပ်၊ မြန်မာ နိုင်ငံခြာရေးဝန်ကြီး ဦးသန်းဆွေလည်း တက်ရောက်ခဲ့သည်။
နစက ဒုဝန်ကြီးချုပ် မြန်မာ နိုင်ငံခြာရေးဝန်ကြီး ဦးသန်းဆွေသည် ထိုအလွတ်သဘောအစည်းအဝေးပွဲအတွင်း နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သေးသည်။
ထို့အပြင် အလွတ်သဘောဆွေးနွေးပွဲတက်ရောက်လာသည့် နိုင်ငံများနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီး နှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။