လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်အခမ်းအနားတွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်ဖြစ်လာသူ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ယင်းတာဝန်ကို ၂၀၂၆ ခုနှစ်အထိ ဒေသတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်သည်။
ယင်းကွန်ကရက် အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့အဖြစ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ် အားအတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။