ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
မိုးဇလမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်ကို ဗဟိုပြုနေကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံဘက်သို့ရောက်ရှိနိုင်ခြင်းမရှိသော်လည်း အားကောင်းသောမုန်တိုင်းငယ်အ ရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မနက်ဖြန် နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။