ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ နိုဝင်ဘာ (၂၅)ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ နိုဝင်ဘာ(၂၅)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အ နောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၁၂) နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ထိုမှ တဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂) ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေ -သီရိလင်္ကာ နိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
အဆိုပါ အခြေအနေများနှင့် ဆက်စပ်၍ နောက်(၂)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်အသိပေးထားသည်။
ထို့ပြင် ယနေ့ညနေအထိ ခန့်မှန်းချက်တွင် တနင်္သာရီတိုင်းဒေသကြီး၌ နေရာကျဲကျဲနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွ က်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။