ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ရန်ရောက်ရှိနေသော နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi တို့သည် ယနေ့ ဧပြီ ၄ ရက်နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ် ၌ တွေ့ဆုံခဲ့ကြသည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မိမိနှင့် အိန္ဒိယပြည်သူများက များစွာစိတ်မကောင်းဖြစ်ရပြီး ဂူဂျာရက်ပြည်နယ်၌လည်း ယခင်က ထိုကဲ့သို့ ပြင်းထန်သည့်ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကာ မြန်မာနိုင်ငံအတွက်လိုအပ်သည့် အကူအညီများကိုဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ဘင်းမ်စတက်အစည်းအဝေးတွင်လည်း မိမိအနေဖြင့် သဘာဝဘေးဒဏ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမည်ဟု ပြောသည်။
ထို့အတူ နစက ဥက္ကဋ္ဌမှလည်း ပြန်လည်ထူထောင်ရေးအတွေ့အကြုံများကို မျှဝေပေးစေလိုပြီးအစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမည်ကို ဝမ်းမြောက်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကု-န်ကူးမှုများနှင့် လက်နက်မှောင်ခိုမှုများပပျောက်ရေးတိူ့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရွေး ကောက်ပွဲကျင်ပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။