အကောင့်ပိတ်ခံထားရသော အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်အကောင့်အား ပြန်ဖွင့်ခြင်း၊မဖွင့်ခြင်းအတွက် တွစ်တာ၏ပိုင်ရှင်အသစ် အီလွန်မတ်စ်ကပြုလုပ်သော သဘောထားကောက်ယူမှုစစ်တမ်းအရ အနည်းငယ်အသာစီးရလျက် သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ အကောင့်ကိုပြန်ဖွင့်ပေးခဲ့သော်လည်း ထရမ့်ကမူအကောင့်ပြန်ရခြင်းမရခြင်းအတွက် စိတ်ဝင်စားမှုမရှိဟုဆိုခဲ့သည်။
အဆိုပါသဘောထားစစ်တမ်းတွင် တွစ်တာအသုံးပြုသူ ၁၄ ဒသမ ၈ သန်းကမဲပေးခဲ့ပြီး ပြန်ဖွင့်ပေးရန်ထောက်ခံမဲ ၅၁ ဒသမ ၈ ရာခိုင်နှုန်းကိုရရှိခဲ့သည်။သို့သော်အဆိုပါကိစ္စနှင့်ပတ်သက်၍ သမ္မတဟောင်းက အထူးတစ်လည်မှတ်ချက်ပေးခြင်းမျိုးမရှိခဲ့ပေ။
ထရမ့်အနေဖြင့်မူ၎င်း၏ Trump Media & Technology Group (TMTG) ကဖန်တီးထားသော Truth Social အက်ပ်ကိုသာအသုံးများမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ထရမ့်၏ပြောကြားချက်အရ အဆိုပါ Truth Social အက်ပ်သည် တွစ်တာအက်ပ်ထက်အသုံးပြုသူများနှင့် ဆက်ဆံနိုင်မှုပိုမိုကောင်းမွန်ကြောင်းသိရှိရသည်။
သို့သော်အဆိုပါကိစ္စနှင့်ပတ်သက်၍ တွစ်တာဘက်မှ တုံ့ပြန်မှတ်ချက်ပြုခြင်းမျိုးမရှိခဲ့ပေ။၂၀၂၄ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်မည့်ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မတ်စ်အားချီးကျူးစကားဆိုလျက် နှစ်သက်ကြောင်းပြောကြားခဲ့သော်လည်း တွစ်တာသည် အကောင့်အတုများ bots များ၏ဒဏ်ကို မယုံနိုင်ဖွယ်ခံစားနေရသည်ဟုလည်းဆိုခဲ့သည်။
Source : Reuters