ဖိနပ်ပါးပါးလေး စီးရင်း
ဖိနပ်ထူထူကြီးကို စီးစေခဲ့သူ….အဖေ။
အဝတ်နွမ်းနွမ်းလေး ဝတ်ရင်း
အဝတ်လှလှကြီးကို ဝတ်စေခဲ့သူ….အဖေ။
ဘွဲ့မရ ပညာမတတ်ပုခုံးတွေနဲ့
ဘွဲ့ရ ပညာတတ်ပုခုံးတွေကို
ထမ်းတင်ခဲ့သူ….အဖေ။
လူတောမတိုးနိုင်တဲ့ လက်တွေနဲ့
လူတောတိုးနိုင်တဲ့ လက်တွေကို
အရောင်လက်စေခဲ့သူ…..အဖေ။
အရာမဝင်တဲ့ ပါးစပ်တွေနဲ့
အရာဝင်တဲ့ ပါးစပ်တွေကို
ပဲ့ပြင်ခဲ့သူ…..အဖေ။
ချွေးနံ့မစင်တဲ့ ခန္ဓာကိုယ်နဲ့
ချွေးနံ့စင်တဲ့ ခန္ဓာကိုယ်တွေကို
လှစေခဲ့သူ…..အဖေ။
အရောင်မွဲတဲ့ မျက်လုံးတွေနဲ့
အရောင်မမွဲတဲ့ မျက်လုံးတွေကို
ပြုံးစေခဲ့သူ…..အဖေ။
အရောင်မပြောင်းတဲ့ နှလုံးသားနဲ့
အရောင်ပြောင်းတဲ့ နှလုံးသားတွေကို
ချစ်နေခဲ့သူ….အဖေ။
အဖေ့အငေးမှာ မျှော်လင့်ချက်တွေ ကင်းလို့။
အဖေ့အဆွေးမှာ ချစ်ခြင်းတရားတွေ ပြည့်လို့။
အဖေဟာ နေလို လင်းတယ်။
အဖေဟာ လလို ဝင်းတယ်။
အဖေဟာ
သားတို့သမီးတို့ အတွက်
အနှိုင်းမဲ့ လှတဲ့ ကျေးဇူးရှင်ကြီး ဖြစ်တယ်။ ။
ဥာဏကျော်