မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးပြည်သူများ သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်းတပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်မှ စတင်တပ်ဆင်တည်ဆောက်နေပြီး မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတံတားတပ်ဆင်ရာတွင် ယခင်နှစ်က အသုံးပြုခဲ့သော တံတား အကျယ် (၁၂) ပေ (၈) လက်မ၊ အရှည်ပေ (၁၀၀) ရှိ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို နစကဥက္ကဋ္ဌ ၏ လှူဒါန်းမှုဖြင့် အမှတ်(၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်မှစတင်ပြီး တပ်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားတည် ဆောက်မှုအခြေအနေမှာ ယခုလ (၂) ရက်အထိ တံတားတပ်ဆင်ခြင်းလုပ်ငန်းအားလုံး (၉၅) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း တပ်ဆင်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်မှ ဧပြီလ (၁၇) ရက်အထိ (တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။