အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ပြည်ကြီးရန်လုံရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဧပြီ ၃ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။
ပြည်ကြီးရန်လုံရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဇော်မိုးလွင်သည် နံနက် ၁၀ နာရီကျော်ခန့်က နေအိမ်မှရပ်ကျေးရုံးသို့သွားစဥ် လမ်း၌ အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ကနေ ရပ်ကွက်ရုံးကိုသွားတဲ့အချိန် ၈၆ လမ်းနဲ့ ၈၇ လမ်းကြားကိုအရောက်မှာပစ်ခံရတာပါ ပစ်ခံရတဲ့နေရာမှာပဲသေဆုံးသွားပါတယ် လူနာတင် ကားနဲ့တင်သွားတယ်”ဟုပြည်ကြီးရန်လုံရပ်ကွက်နေသူတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးဇော်မိုးလွင်၏ ရက်အုံနှင့်ဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာနှင့်ရပ် ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။