လန်ချန်း-မဲခေါင် အမျိုးသားကျေးရွာပြည်သူ့အကျိုးပြုစံပြစီမံကိန်း(ဒုတိယအသုတ်)အဖြစ် နေပြည်တော် အောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို ဒီဇင်ဘာ ၂၇ ရက်ကလွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
သောက်သုံးရေအခက်အခဲရှိနေသည့် အောင်သာကျေးရွာအတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် YANGZE RIVER SCIENTIFIC RESEARCH INSTITUTE နှင့် State Power Investment Corporation(SPIC)တို့က ရေပေးဝေရေးအာမခံ စနစ်ကိုတည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စနစ်တွင် မီတာ(၁၇၀)အရှည်ရှိ ကေဘယ်လ်ကြိုး(၁)ချောင်း၊ (၁၅၂ ဒသမ ၄)မီတာနက်သော ရေတွင်း(၁)တွင်း၊ ရေမျှော်စင်(၁)ခု၊ ရေ ကန်(၃)ကန်၊ အနည်ထိုင်ရေကန်(၁)ကန်၊ Blast Aeration စက်ကိရိယာ(၁)စုံ၊ ရေမြှုပ်ပန့်(၁)လုံး နှင့် မီတာ(၂၆၀၀)အရှည်ရှိ ရေပိုက်များပါဝင်ကြောင်း သိရသည်။
ယင်း စနစ်သည် အောင်သာကျေးရွာနေသူများအတွက် အာမခံချက်ရှိသော ရေအရင်းမြစ်များကိုရရှိစေပြီး ရေသန့်စင်စနစ်တည်ဆောက်ထား၍ ကျေးရွာနေသူ(၃၅၀)ကျော်၏နေအိမ်များသို့ ချိတ်ဆက်ပေးဝေခဲ့ကြောင်း သိရသည်။
ထို့ပြင် လူနှင့်တိရစ္ဆာန်သုံး သောက်ရေကန်တို့ကို ခွဲခြားတည်ဆောက်ထားပြီး ခြောက်သွေ့ရာသီတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သောက်သုံးရေအတွက် အာမခံချက်ရှိစေကာ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်မှုနှုန်းကိုလည်းမြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခင်က အောင်သာကျေးရွာနေသူများသည် သောက်သုံးရေအဆင်ပြေစေရန် ဝေးလံသောဘုန်းကြီးကျောင်းသို့ သွားရောက်ခပ်ယူရခြင်း၊ ရေသန့်ဗူးများဝယ်ရခြင်း၊ လူနေမှုဘဝ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် သုံးရေရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်မားခြင်းအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။