အကယ်၍ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း သို့ ခွဲတမ်းဖြင့်ပေးခြင်းများသည် ဒေသတွင်းမိုဘိုင်းကွန်ရက်တစ်ချို့ကိုဖယ်ရှားလိုက်ပါက ဥရောပတစ်ဝန်းရှိ ဆဲလ်ဖုန်းများသည် ယခုဆောင်းရာသီတွင် ကွန်ရက်ပြတ်တောက်သွားနိုင်သည်ဟု ရိုက်တာ သတင်းဌာနကဖော်ပြထားသည်။
ပြင်းထန်သောဆောင်းရာသီသည် ဥရောပ၏ဆက်သွယ်ရေးအခြေခံအဆောက်အဦအား စမ်းသပ်မှုတစ်ခုဖြစ်လာစေမည်ကို ဆက်သွယ်ရေးလုပ်ငန်းမှကိုယ်စားလှယ်များက စိုးရိမ်ကြပြီး အကျိုးဆက်များလျော့ပါးစေရန် ကုမ္ပဏီများနှင့်အစိုးရများကို တွန်းအားပေးရန်ကြိုးပမ်းကြသည်။
လက်ရှိတွင် ဥရောပနိုင်ငံအများအပြား၌ ပြင်းထန်သောဓာတ်အားပြတ်တောက်မှုကိုရင်ဆိုင်ရန် အရန်စနစ်များအလုံအလောက်မရှိသေးကြောင်း တယ်လီကွန်းကုမ္ပဏီအမှုဆောင်လေးဦးကပြောကြားခဲ့သည်။
ပြင်သစ်၊ဆွီဒင်နှင့်ဂျာမနီတို့အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများသည် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပါက နိုင်ငံအနှံ့ရှိထောင်ပေါင်းများစွာသော ဆယ်လူလာအင်တာနာများ၌တပ်ဆင်ထားသည့် အရန်ဘက္ထရီများကိုမလျော့နည်းစေရန် ဆက်သွယ်ရေးအထောက်အပံ့ကို ထိန်းသိမ်းနိုင်ဖို့ရုန်းကန်နေရသည်။
ဥရောပတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း တစ်သန်းခွဲနီးပါးရှိပြီး အများစုမှာမိုဘိုင်းအင်တာနာများကိုအသုံးပြုရန် မိနစ် ၃၀ ခန့်ကြာသည့် အရန်ဘက္ထရီများသာရှိကြသည်။ပြင်သစ်၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီ Enedis က အဆိုပြုသည့် အစီအစဉ်သည်အဆိုးရွားဆုံးအခြေအနေတွင် နှစ်နာရီအထိမီးပျက်နိုင်ခြေရှိသည်ဟု သတင်းရင်းမြစ်နှစ်ခုကဆိုသည်။ထိုသို့မီးဖြတ်တောက်မှုတွင် ဆေးရုံများ၊ရဲတပ်ဖွဲ့နှင့်အစိုးရတို့မပါဝင်ဘဲ နိုင်ငံ၏အခြားအစိတ်အပိုင်းများကိုသာ အလှည့်ကျသက်ရောက်မှုရှိမည်ဖြစ်သည်။
ဆွီဒင်နှင့်ဂျာမနီနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီများသည်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်နိုင်ခြေအတွက် စိုးရိမ်မှုများရှိနေကြောင်း နီးစပ်သူအချို့ကပြောကြားခဲ့သည်။
ဆွီဒင်၏ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော PTS သည် အဆိုပါပြဿနာအတွက် အဖြေရှာဖွေရန် တယ်လီကွန်းအော်ပရေတာများနှင့် အခြားသောအစိုးရအေဂျင်စီများနှင့် လုပ်ဆောင်နေပြီး အချိန်ကြာမြင့်စွာဓာတ်အားပြတ်တောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် မိုဘိုင်းလ်ဖုန်းများနှင့်ချိတ်ဆက်နိုင်သော အားသွင်းစခန်းများနှင့်မိုဘိုင်းအခြေစိုက်စခန်းများကို ဝယ်ယူရန်ငွေကြေးထောက်ပံ့နေသည်။
FFT ဥက္ကဌ Lisa Belloulot ၏အဆိုအရ ပြင်သစ်တွင်ဆဲလ်ဖုန်းတာဝါတိုင်ပေါင်း ၆၂,၀၀၀ ခန့်ရှိပြီး အဆိုပါလုပ်ငန်းသည် အင်တာနာအားလုံးကိုဘက္ထရီအသစ်များတပ်ဆင်ရန်မတတ်နိုင်တော့ကြောင်းဆိုသည်။ဆယ်စုနှစ်များစွာ ပြတ်တောက်မှုမရှိသည့် ဓာတ်အားထောက်ပံ့ရေးစနစ်ကိုကျင့်သုံးခဲ့သည့် ဥရောပနိုင်ငံများတွင် များသောအားဖြင့် မီးအားပေးစက်များလည်းမရှိကြပေ။
Source – Newsfeed