မြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက်ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုများစွာကို အထောက်အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေးထိရောက်စွာအသုံးချနိုင်ရန်ကြိုးပမ်းကြရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
၎င်းမှ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ကျင်းပသည့် သမိုင်းဝင်ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပို့ဆောင်ရေးကဏ္ဍသည် အလွန်အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ယင်းတို့အနက် ရေကြောင်း ပို့ဆောင်ရေးသည် ခရီးသွားများ၏သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်နှင့်အတူ ကုန်စည် ပို့ဆောင်မှု မှန်ကန်မြန်ဆန်စေရေးအတွက် တာဝန်ယူရသည့်ကဏ္ဍဖြစ်သည်ဟု ပြောသည်။
နစကဥက္ကဋ္ဌက နိုင်ငံတော်၏ လမ်းပန်းဆက်သွယ်ရေးတွင် လေယာဉ်ကွင်းများ၊ လေယာဉ်ပြေးလမ်းများ၊ ကားလမ်း၊ ရထားလမ်းများ၊ ချောင်းကူး၊ မြစ်ကူးတံတားများကို ကွန်ရက်ဖြစ်အောင်တည်ဆောက်ခဲ့၍ လက်ရှိကာလ ခရီးသည်ပို့ဆောင်ရေးအတွက် ရေယာဉ်လိုအပ်ချက်နည်းပါးနိုင်သည်ဟု ယူဆစရာရှိသော်လည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အလေးထားဆောင်ရွက်နေဆဲဖြစ်သည်ကိုလည်း ပြောကြားသည်။
” ဒါပေမယ့် ကုန်စည်ပို့ဆောင်မှုအပိုင်းမှာ ရေလမ်းကပို့ဆောင်ခြင်းဟာ ကုန်စည်ပမာဏများစွာကို တစ်စုတစ်စည်းတည်းပို့ဆောင်နိုင်ပြီး ကုန်ကျစရိတ်ပိုမိုသက်သာနေဆဲဖြစ်တာကိုတွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အလေးထားဆောင်ရွက်နေကြပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက်ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုများစွာကို အထောက်အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေးထိထိ ရောက်ရောက်အသုံးချနိုင်အောင်ကြိုးပမ်းကြရမည်ဖြစ်ကာ ပင်လယ်လမ်းကြောင်းတစ်လျှောက်ကူးသန်းသွားလာမှုကိုမြှင့်တင်ရမည်ဟု ပြောသည်။
ထို့အတူ ကုန်စည်ပို့ဆောင်ရေးအတွက်လိုအပ်မည့် ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်သည့် ကုန်တင်ရေယာဉ်၊ ကုန်တင်တွဲ၊ တွန်းရေယာဉ်၊ ကွန်တိန်နာတင်ရေယာဉ်များကို ထိန်းသိမ်းပြုပြင်ခြင်း၊ ပိုမိုတည်ဆောက်ခြင်းတို့ဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။