ရန်ကုန်၊ဧပြီ ၈
မြန်မာနိုင်ငံရှိ ငလျင်လှုပ်ခတ်မှုဒဏ်ခံရပ်ရွာများအား ကူညီထောက်ပံ့ရန်အတွက် သြစတြေးလျမှပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းအထုပ် ၁၀၀ ကျော်သည် ယနေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီဟုသိရသည်။
ထောက်ပံ့ရေးပစ္စည်းများကို သြစတြေးလျနိုင်ငံမစ်ရှင်၏အကြီးအကဲ Angela Corcoran ကလက်ခံရယူခဲ့ပြီး အရေးပေါ်လိုအပ်နေသော လူထောင်ပေါင်းများစွာကို တိုက်ရိုက်အကူအညီပေးနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်ဟုလည်းသိရသည်။
ယင်းပစ္စည်းများတွင် အမိုးအကာ၊မီးဖိုချောင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများပါ၀င်ပြီး မြန်မာနိုင်ငံအတွက် သြစတြေးလျဒေါ်လာ ၉ သန်းခန့်အသုံးပြုမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်ဟုဆိုသည်။
သြစတြေးလျအနေဖြင့် နိုင်ငံတကာကြက်ခြေနီကော်မတီ၊အာဆီယံနှင့်သြစတြေးလျမှ NGO များနှင့် မြေပြင်၌ အရေးပါသောအကူအညီများကို အမှန်တကယ်ပံ့ပိုးပေးနေသည့် ပြည်တွင်းအဖွဲ့အစည်းများနှင့်ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်းဆိုခဲ့သည်။
Source : ဩစတြေးလျသံရုံး
