ငါသည် အဘယ်နည်းဟု ထုံထိုင်းကာ နုံအခဲ့သည်မှာ နှစ် ၅ဝဝဝ လောက်ရှိလိမ့်မည်။ အဖြေမရှိ၊ စဉ်းစားနိုင်စွမ်းလည်းမရှိ၊ နားလည် သိရှိနိုင်ခြင်းလည်း မရှိခဲ့။ ပင်လယ်ကမ်းစပ်၌ ရှိသော ကျောက်တုံးကြီးကို သွားရောက်တွေ့ ဆုံခဲ့သည်။
ကျောက်တုံးကြီးထက်၌ ခဏမျှ နားခဲ့ သည်။ ငါသည် ဤအရာဖြစ်သည်ဟု ကျောက်တုံးကြီးကိုကြည့်၍ ရေရွတ်နိုင်သည်။ ဒါပေမဲ့ ငါမရွတ်ဆိုခဲ့။ ပင်လယ်က ငါ့ကို ခေါ်ငင်သည်။ ငါ့မှာလုပ်စရာတွေ ရှိသေး သည်။ တမာပင်အောက်က ရေအင်တုံကလေး ထဲ ရေထည့်ရဦးမည်။ နို့ပေမယ့် ကျောက် တုံးကြီးအကြောင်းကို ပြောကြည့်ချင်သေး သည်။ ထို့ကြောင့် ငါ မ မနိုင်။ ထို့ကြောင့် ကျောက်တုံးကြီးထဲမှ ကမ္ဘာမြေရဲ့ ဆွဲငင် အားကို ယူနစ်တစ်ခုအဖြစ် သတ်မှတ်လိုက် သည်။ ဤအရာသည် ကြီးမား၍ လေးလံသော ကျောက်တုံးကြီးတစ်တုံးဖြစ်ပါသည်။ ထပ်မံ၍ လေ့လာစရာများ ကျန်ရှိနေပါသေးသည်။
ထို့ကြောင့် ငါဘာမျှမတတ်နိုင်။ တောင် တစ် တောင်၏ အောက်ခြေ၌ နစ်မြှုပ်နေသော ကျောက်တုံးတစ်တုံး အ ကြောင်း ငါဖတ်ရှုခဲ့ဖူး သည်။ သာမန် ကျောက်တုံး တစ်တုံးပါပဲ။ ထို့ကြောင့် ငါဘာမျှ ထပ်၍ မပြောနိုင်။ ငါသိ သည်မှာ ပင်လယ် ကမ်းခြေ က ကျောက်တုံး ကြီးဖြစ်သည်။
ထိုကျောက်တုံးကြီးထက်၌ ကျီးကန်း တစ်ကောင်လာနားကာ တအားအား အော် မြည်နေသည်။ ထို့ကြောင့် ကျီးကန်းသည် အနက် ရောင်ဖြစ်သည်။ ပင်လယ်သည် စိန့် ညို့သည်။ လူသူ မရှိ၊ ရှင်းလင်း တိတ်ဆိတ် သော ညဥ့်နက်နက်ထဲ၌ ကျောက်တုံးကြီးသည် သူ့ဘာသာ ငြိမ်သက်နေမှာပဲ။ ထို့ကြောင့် ငါ ကျောက်တုံးကြီးထံမှ ထွက်ခွာလာခဲ့သည်။ ဒါပေမဲ့ သူဟာ ငါ့ကိုမသိ။ မိုးကုတ်စက်ဝိုင်း ဆိုသည်မှာ ထိုအရာဖြစ်သည်။ ငါမလွန် မြောက်နိုင်။ အဘယ်ကြောင့်ဆိုရသနည်း။ ကျောက်တုံးကြီးသည် ပျင်းရိငြီးငွေ့ ဖွယ်ပင်။ သူသည် တုပ်တုပ်မျှမလှုပ်၊ ကျီးကန်း သည် နောက်ထပ်ရောက်မလာတော့။ ယခု နွေဦး ပေါက်ပြီ။ ပျင်းရိငြီးငွေ့ ဖွယ်ကောင်း သော ကျောက်တုံးကြီးကို အမှတ်ရခြင်းပါပဲ။ ဘာ ဖြစ်လို့ငြိမ် သက်နေရတာလဲ။ ထို့ကြောင့် ငါ့ထံ၌ မေးခွန်းမရှိ။ အချိန်ရလျှင် ဇောက်ထိုး မိုးမျှော်အနေအထားနှင့် ကျောက်တုံး ကြီး အကြောင်း စဉ်းစားကြည့်ပါမည်။ သူဘာ ကြောင့် ဥက္ကာခဲတစ်ခုအဖြစ် အာကာသထဲ လွင့်မျောမသွားဘဲ ကမ္ဘာမြေမှာ ကပ်နေရတာ လဲ။ ကျောက်တုံးကြီးအကြောင်း ငါသိချင်တာ ရှိသည်။ မင်းပြောပြနိုင်မည်လား။ သေချာပါ သည်။ ထို့ကြောင့် ငါမမနိုင်။
နေမျိုး