အဓိပ္ပာယ်မဲ့စွာနဲ့
ခါးသက်သက် လျှောက်လမ်းပေါ်
စမ်းတဝါးဝါး လျှောက်လာတာ
ဘယ်လောက်တောင် ကြာခဲ့ပြီမသိဘူး
သက္ကရာဇ်တွေတောင် ပါးနေပြီ။
တစ်ခါတစ်ခါ ကံကြမ္မာကို ရိုးမယ် ဖွဲ့တယ်
တစ်ခါတစ်ခါ
ကိုယ့်ကိုအပြစ်တွေ သဲ့တယ်
ပန်းတိုင်မဲ့နေသေးတော့ အချိန်တွေကို
ဖဲ့ကျွေးနေရတာ နှမြောတယ်
ဘယ်လိုသန္ဓေနဲ့
လူဖြစ်လာတယ် မသိပါဘူး
ပုံမှန်မဟုတ်တဲ့ အတွေးတွေနဲ့
ငေးလိုက် မှိုင်လိုက်
ငါဆိုတာကို မေ့နေတတ်တော့
သေခြင်းကိုသာ ထိုင်စောင့်ရုံပေါ့။
တစ်ပွင့်ကြွေလို့ တစ်ပွင့်ဝေမယ်ဆိုရင်
ငါ့အတိတ်နဲ့ ပစ္စုပ္ပန်တွေ ကြွေပြီး
အနာဂတ်တွေကို လှလှပပလေး
ဝေပစ်လိုက်ချင်တယ်ကွယ်
တချို့ အတ္တသမားတွေနဲ့
တစ်ခင်းထဲမှာ ခေါင်းပန်းလှန်နေရတဲ့
နေ့စွဲတွေက ရုန်းထွက်
သုညကနေ စ နေပေမယ့်
ဘုံဘဝတွေ အလယ်မှာ
အခြေအနေမဲ့ ငတ်တစ်ခါ ပြတ်တစ်လှည့်
အမေ့ဆီကို လက်ဖြန့်တိုင်း
ငွေတိုး ဆွဲပေးတဲ့
အမေ့မျက်ဝန်းတွေကိုလည်း
အားနာလှပြီ။
စိတ်နာတယ်ဗျာ
ခက်တာက ကျုပ်က သိက္ခာတရားကို
ငွေနဲ့လဲတတ်တဲ့ကောင်မှ မဟုတ်တာ
ဒါပေမဲ့
ကိုယ့်ဖြူစင်မှုကနေ
ခွဲထွက်လာတဲ့ ရတနာလေး
အများဆိုင်သတ်မှတ်ခံလိုက်ရတော့
အဆင်မပြေခြင်းတွေက
ကျွန်တော့်ကို လှောင်တယ်။
နှုတ်မဆက် လက်မပြ ရုတ်တရက်
ပျောက်ကွယ်သွားခဲ့ရင်
ကျွန်တော့်ကို သေလူအဖြစ်
ရင်ထဲမှာ ကမ္ပည်းထိုး
မှတ်တမ်းတင်ပေးပါ။
ရွှေညာမြေ