လူဆိုတာဟာ တစ်ဦးတစ်ယောက်တည်း နေတာထက်အပေါင်းအဖော်များနဲ့ နေတတ်၊ ထိုင်တတ်တဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာတဲ့အခါ မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်း စတဲ့ သွေးသားရင်းတွေအပြင် မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်း စသဖြင့် သွေးမတော် သားမစပ်ဘဲ ချစ်ခင် ရင်းနှီးကြသူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရပါတယ်။ သူငယ်ချင်းဆိုတာဟာ လူသားတစ်ဦးစီရဲ့ ဘဝမှာ တီးတိုးဖော်၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်၊ ဆွေးနွေးဖော်၊ အကြံပေးဖော် စတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ ရှိနေပါတယ်။ အခက်အခဲတစ်ခုကြုံလာတိုင်း မိဘဆွေမျိုး စသူတို့ကို အသိမခံဝံ့တဲ့ ကိစ္စမျိုး ကြုံတိုင်းမှာ သူငယ်ချင်းဟာ အကောင်းဆုံးအဖော် အဖြစ် ဘေးမှာ ရှိနေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးကြမှုတွေအပေါ်သီကျူးဖွဲ့ သီထားတဲ့ ရုပ်ရှင်များ၊ သီချင်းများလည်းရှိပြီး ဒါဟာ ဘဝတစ်ခုမှာ သူငယ်ချင်းဆိုတဲ့ အခန်း ကဏ္ဍက ဘယ်လောက်ထိ အရေးပါနေသလဲဆို တာကို အနုပညာများနဲ့ပါ ပုံဖော်ရတဲ့ အထိ ဖြစ်ပါတယ်။ ယခု အပတ် ပေါ်ပြူလာရဲ့ အချပ်ပို ကဏ္ဍကို စဉ်းစား တဲ့အခါ အနုပညာရှင်တို့ရဲ့ လူမှုဘဝအတွင်းမှာ သူငယ်ချင်းများနဲ့အတူ ကြုံတွေ့ ဆက်ဆံဖူးခဲ့ကြတဲ့ အမှတ်တရများကို ပြန်လည် ဖော်ထုတ်တင်ဆက်ရင်း ရုပ်ရှင်သရုပ်ဆောင် ဟိန်းဝေယံနဲ့ အဆိုတောမလေး ရတနာမိုင်တို့ ရဲ့ ပုံရိပ်များနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ရင်ဖွင့်ဖော်လို့လည်း ပြောလို့ရတယ် ဟိန်းဝေယံ
ကျွန်တော်တို့ TTC ကျောင်းမှာ တက်ခဲ့တုန်းက သူငယ်ချင်းတွေ အများကြီးပဲ။ သူငယ်ချင်းနဲ့ပတ်သက်ပြီး အမှတ်တရတွေလည်း အများကြီးပဲ။ ၈ တန်းလောက်က ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရယ် စာသင်ခန်းထဲမှာ ရယ်လို့ဆိုပြီး ဆရာမက ကျွန်တော်တို့ကို ဆူတယ်။ ဆူနေ တာတောင် မျက်နှာပိုးက မသေနိုင်ဘူး။ ဆက်ရယ်တာ၊ ဆရာမက သူ့ကို လှောင်နေတယ်လို့ ထင်သွားတာ။ ပြီးလည်းပြီးရော ကျွန်တော်တို့ကို အတန်း အပြင် ထုတ်လိုက်တယ်။ ဆရာမကလည်း ကျွန်တော်တို့ကို တအားချစ်တဲ့ ဆရာမပါ။ အဲဒါက စဉ်းစားလိုက်တိုင်း တကယ်ကို အမှတ်တရဖြစ်နေတယ်။ ကျွန်တော် ကျောင်းတက်တုန်းကဆိုရင် ခဏခဏ မိဘခေါ်ခံရတယ်။ ခေါ်တဲ့ အခါကျတော့ အိမ်ကိုလည်း မပြောရဲတော့ဘူး။ မိဘမခေါ်လာတော့ နောက် နေ့ကျောင်းတက်တဲ့နေ့မှာ အခန်းထဲမဝင်ခဲ့ရဘူး။ တစ်နေကုန် အပြင်မှာ ထွက်နေရတယ်။ နောက်ဆုံး ဆရာမကိုယ်တိုင်က အိမ်ကိုဖုန်းဆက်ပြီး မိဘခေါ်ရတယ်။ အဲဒါတွေက အမှတ် တရတွေပါ။ သူငယ်ချင်းနဲ့ပတ် သက်ပြီးတော့ ကျောင်းမှာကြုံတွေ့ခဲ့ရတဲ့ အမှတ်တရ လေးတစ်ခုပါ။ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ ရင်ဖွင့်ဖော်လို့လည်း ပြောလို့ရတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက်လို့လည်း ပြောရင်ရတယ်။ ကောင်းတာပဲဖြစ် ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရ တယ်၊ ဆွေးနွေးလို့ရတယ်။ ကျွန်တော်က အပေါင်းအသင်းမက်တဲ့အထဲမှာလည်းမပါဘူး။ မမက်တဲ့အထဲမှာလည်း မပါဘူး။ ပုံမှန်ပါပဲ။ အရင် တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ လျှောက်သွားကြတယ်၊ လျှောက်လည် ကြတယ်။
သူငယ်ချင်းတွေနဲ့ အတူတူရှိနေခြင်းက ဘဝမှာ ပိုပြီးပျော်စရာကောင်းတယ် ရတနာမိုင်
သူငယ်တန်းကနေ ၈ တန်းအထိကတော့ အချစ်ဆုံးသူငယ်ချင်း ရယ်လို့တော့ မဟုတ်ဘူး။ ဒီလိုပဲ သူငယ်ချင်းတွေရှိတယ်။ ၈ တန်းကနေပြီးတော့ အချစ်ဆုံးသူငယ်ချင်း တွေရခဲ့တယ်။ အချစ်ဆုံးသူငယ်ချင်း ၄ ယောက်ရှိတယ်။ အခုတော့ သူတို့ တွေလည်း တစ်ယောက်တစ်နေရာစီ ဖြစ်နေကြပြီ။ နှစ်ယောက်က အိမ်ထောင်ကျသွားပြီ။ ညီမနဲ့ နောက်သူငယ်ချင်းတစ်ယောက်ပဲ အပျိုကြီးဖြစ်ကျန်ခဲ့တာ။ အခု အနုပညာလောကထဲမှာလည်း ဒီလိုပဲ အား လုံးကညီအစ်ကို မောင်နှမ သူငယ်ချင်းတွေလိုပါပဲ။ ဘယ်နေရာ မဆို တစ်ဦးတစ်ယောက်တည်း နေတာထက် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းကောင်းတွေနဲ့ အတူတူရှိနေ ခြင်းက ဘဝမှာ ပိုပြီးပျော်စရာကောင်းပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့တော့ တချို့လည်း ပြန်တွေ့ဖြစ်တယ်။ တချို့ လည်း ပြန်မတွေ့ဖြစ်တော့ဘူး။ ငယ် ငယ်တုန်းက သူငယ်ချင်းတွေနဲ့ အကြောင်းလေးတွေ ပြန်စဉ်းစားရင် ပျော်စရာကောင်းသလို လွမ်းဖို့လည်း ကောင်းပါတယ်။ အခုဆိုလည်း အနု ပညာလောကထဲက မောင်နှမတွေနဲ့ မိတ်ဆွေလို၊ သူငယ်ချင်းလို ရင်းရင်းနှီးနှီး ပေါင်းကြသင်းကြပါတယ်။လုပ်ငန်းသဘောထက် အခုလို သူငယ်ချင်းတွေလို ရင်းနှီးကြတဲ့အခါ လုပ်ရကိုင်ရ၊ ပြောရဆိုရတာလည်း ပိုအဆင်ပြေပါတယ်။သူငယ်ချင်း ဆိုတာက လူတိုင်းမှာရှိသင့်ပါတယ်။ ကိုယ်နဲ့တိုင်ပင်ဖော် တိင်ပင်ဖက်အဖြစ် တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးအကြံဥာဏ် ရယူဖို့ပဲဖြစ်ဖြစ် လူတိုင်းမှာ သူငယ်ချင်းရှိသင့်ပါတယ်။
ကိုယ်စီ၊ ကိုယ်စီ ကိုယ့်အလုပ်နဲ့ကိုယ် ဘဝမှာ လုပ်ကိုင်ကြရင်း တချို့အားလပ်ချိန်တွေမှာ သူငယ်ချင်း တွေနဲ့အတူ အချိန်ပေးပြီး စိတ်အပန်းဖြေသင့်တယ်။ ညီမက ငယ်ငယ်တုန်းကဆိုရင် သူငယ်ချင်း သိပ်မရှိဘူး။ ဒါပေမဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါမှာ သူငယ်ချင်းတွေလည်း ပိုတိုးလာတော့ ပိုပျော်စရာကောင်းလာတယ်။
ပေါ်ပြူလာ