ယခင်အပတ်မှ အဆက်
အဲဒီလိုဖြစ်အောင် ကျွန်တော်တို့လည်း ကြိုးစားကြမယ်ဆိုရင်ပေါ့။ ကျွန်တော်တို့မှာ ငွေရှင်တွေဟာ မစုပေါင်းဘူး။ မညီညာဘူး။ နည်းနည်းလေးစုပေါင်း ညီညာလိုက်လို့ရှိရင် သူတို့ရဲ့ ထက်ဝက်လောက် တစ်စိတ် လောက်ပဲလုပ်နိုင်ဦး၊ အင်တာနေရှင်နယ်အဆင့်ကို ကျွန် တော်တို့ မီတယ်။ အခုမမီဘဲနောက်ကျန်နေတဲ့အပိုင်း တွေက အဲဒါပဲ။ အဲဒီတော့ ကျွန်တော်တို့ ရုပ်ရှင်လုပ်ငန်းရဲ့ အပြောင်းအလဲတွေက ဘယ်အပေါ်မှာဖြစ်လာသလဲ ပြန်စီစစ်လိုက်တော့ နံပါတ်တစ် ခါးကျိုးတာကတော့ ရုံ တွေကို ပြည်သူ ပိုင်သိမ်းလိုက်တာကစပြီး ခါးကျိုးတာပဲ။ ရုံတွေကို ပြည်သူပိုင်မသိမ်းခင်တုန်းက ရုံတွေက သူတို့ရုံတွေမှာ ပြဖို့အတွက် ကျွန်တော်တို့လို ဇာတ်ကား ရိုက်ကူးတဲ့သူတွေကို ကြိုတင်ပြီးတော့ စရန်ပေးထားတာ။ ဒီရုံမှာ ဒီဇာတ်ကားပြမယ်လို့ အစောကြီးကတည်းက သေချာပေါက် ကြော်ငြာထားခဲ့တာ။ ပရိသတ်ကလည်း အားထားတယ်။ မြန်မာပရိသတ်က အင်တာတိန်းမန့် သိပ်ကြိုက်တာနော်။ တကယ်ကို စောင့်ကြည့်တာ။ ဒီတော့ ကျွန်တော်တို့က ကိုယ့်မှာရှိတာနဲ့ ဝင်လာတဲ့ စရန်ငွေတွေကို ပေါင်းပြီးတဲ့အခါ ငွေတစ်သိန်းနှစ် သောင်းလောက် အကုန်ခံရိုက်ကူးရင် လှလှပပဇာတ် ကားကြီး ဖြစ်တဲ့အချိန်မှာ ရည်းစားဓားပြလို ဇာတ်ကား ကြီးကို ငွေဆယ်သိန်းအကုန်ခံပြီး ကျွန်တော်လေးလကြာ ရိုက် ကူးခဲ့တာ တအားအောင်မြင်ခဲ့တယ်။ဘယ်လောက် အောင်မြင်ခဲ့လဲဆိုရင် ထင်မှတ်ထားတာထက်ကို ဆယ်ဆအောင်မြင်တယ်။ အဲဒီတော့ နောက်ကလူတွေက ဒီလို အုံကြီးအင်ကြီးဆိုရင် ပိုက်ဆံရတယ်ဆိုပြီး လိုက် လုပ်ကြတယ်။ နန်းတွင်း အရေးတော်ပုံတို့ဘာတို့လုပ်ကြတယ်။ Research မရှိဘူး။ ပြီးတော့ ပရိသတ်ကို သူတို့မလေးစားဘူး။ ကျွန်တော် ပရိသတ်ကို အရမ်းလေး စားတယ်။ ကျွန်တော်ခေါင်းထဲ စိတ်ကူးထဲမှာ မြင်တွေ့ တဲ့အတိုင်း ပရိသတ်ကို မြင်တွေ့စေချင်တဲ့အတွက် ကြောင့် အဲဒီသရုပ်တွေ ပီပီပြင်ပြင် ကျွန်တော်ဖော်တယ်။ သူတို့က ဒီလိုမဟုတ်ဘူး။ ငါတို့ပြတာကို ပရိသတ်ကြည့် ရမှာဆိုတော့ ဝတ်ထားတဲ့အဝတ်အစားကိုက စီးကွင့်တွေ က တဖျတ်ဖျတ်တလက်လက်နဲ့ ဖြစ်နေတာ။ မြန်မာရှင် ဘုရင်လက်ထက်မှာ ဓာတ်ပုံမှတ်တမ်းတွေ ကျန်ပါသေးတယ်။
နန်းတွင်းညီလာခံတွေကို ရိုက်ကူးထားတဲ့ အင်္ဂလိပ်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ကျန်ရှိနေပါသေးတယ်။ အဝတ်အစားတွေသည် တဖျတ်ဖျတ်မလက်ပါဘူး။ မင်းကြီး ဦးကောင်းတို့နဲ့ ဝန်ကြီးတွေ၊ အမတ်ကြီးတွေရဲ့ ဝတ်ရုံဝတ်လဲကြီးတွေ၊ ဘောင်းဘီတွေစသည်တွေသည် အတိုင်းအထွာနဲ့တကွ မှတ်တမ်းတွေ ကျန်ရှိခဲ့ပါတယ်။ ဒီအတိုင်းမလုပ်ဘူး။ မလုပ်ထားတဲ့အခါကျတော့ Research မရှိတဲ့အတွက် ဖလင်မိတ်ကင်းမှာ လိုချင်တာမဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကျဆုံးပါတယ်။ ဒါကြောင့်မို့လည်း မြန်မာ့ရုပ်ရှင်ဟာ အစဉ်အဆက် တိုးပွားကြီးပွားဖို့ ကြိုးစားရမယ့် အစား တစ်ချက်နိမ့် သွားတာသည် ရုံတွေပြည်သူပိုင် အသိမ်းခံလိုက်ရတယ်။ ဝင်ငွေပေါ်မှာ အပေးအယူ ပြောင်းပြန် ပြန်ဖြစ်သွားတယ်။ ရုံတွေလိုပြချင်ရင် ကျွန် တော်တို့ ထုတ်လုပ်သူများ က စာရင်းသွင်းပြီးတော့ စရန်ပထမပေးရတဲ့အဆင့်ကို ပြန်ရောက်လာတယ်။ နောက်တစ်ခုက စီးပွားရေးအရ ပေါချောင်ကောင်း အကုန်အကျသက်သာတဲ့အပိုင်းကို လိုက်လာတယ်။ အဲဒါက ကျွန်တော်တို့ ပညာကျဆုံးတဲ့ အပိုင်းက ဒါတွေပဲ။ ဒါကို ပြန်ပြီးနာလန်ထူအောင် ဘယ်လိုလုပ်မှာလဲ။ အခုဒစ်ဂျစ်တယ်ခေတ်ကို ရောက်ရှိ လာပြီ။ ဒစ်ဂျစ်တယ်ရုံတွေ မရှိသေးလို့ ဒစ်ဂျစ်တယ် ရုံတစ်ရာ စီမံကိန်းတွေ ဘာတွေချမှတ်ပြီး လုပ်တယ်။ မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အကြီးအကျယ်တိုက်ရမှာက အိမ်တိုင်ရာရောက် အိမ်ခန်းထဲ အိပ်ရာထဲအထိ ဝင်ပြီး တော့ ဖျော်ဖြေနေတဲ့ မိုဘိုင်းဖုန်းတွေရယ်။ အိမ်တွင်း အင်တာတိန်းမန့် ဖြစ်တဲ့ ၅.၁ ပလေယာနဲ့ မော်နီတာ ကြီးတွေရယ်ကို မနိုင်ဘူး။ တော်ရုံ တန်ရုံ လုပ်လို့မရဘူး။ အဲဒီတော့နောက်ပိုင်းမှာ ကျွန်တော်ရုပ်ရှင်ပညာနဲ့ ပတ်သက်လို့ ကျောင်းသားတွေကို သင်ပေးတဲ့အခါမှာ ပရိသတ်ကိုမင်းတို့ လေးစားရမယ်ဆိုတဲ့ အပိုင်းပေါ့။ ကျွန်တော်တို့ အောင်မြင်မှုကို ဘယ်သူကမှ ဘွဲ့ပေး လို့လည်း ကျွန်တော်တို့ဘာမှ ဖြစ်မလာဘူး။ ပရိသတ်က လက်ခုပ်သံဝေါခနဲ တစ်ချက်တီးလိုက်လို့ ရှိရင် ကျွန်တော်တို့ဘဝမှာ တစ်ဆင့်မြင့်သွားတာပဲ။ ပရိသတ် သည် ကျွန်တော်တို့ရဲ့ကိုးကွယ်ရာပဲ။ အဲဒီလိုတော့ အမှန်အကန်ဖြစ်စေချင်တယ်။
ကျွန်တော်တို့ရှာမယ်ဆိုလို့ရှိရင် ဒီပညာသင်ကြား ရေးနည်းလမ်းတွေပါ ကျွန်တော်တို့ရှာရလိမ့်မယ်။ ရုပ်ရှင်ပညာသည် နည်းတဲ့ပညာကြီး မဟုတ်ဘူး။ ဒါကို ပေါ့တီးပေါ့ဆ လုပ်လို့မရဘူး။ တကယ်တတ်သိနား လည်ကျွမ်းကျင်တဲ့ ဆရာတွေ အနေနဲ့ ပညာရှင်တွေက ကိုယ်ရဲ့ရင်ဝယ်သားလို ပညာပေးကြမယ် ဆိုလို့ရှိ ရင် ကျွန်တော်တို့က ဒီအိမ်တွင်းအင်တာတိန်းမန့်တွေကို ခုခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအင်တာတိန်းမန့်ရသကိုခံချင်တဲ့ ပရိသတ်သည်ရုံ ထဲမှာပဲ လာကြည့်မှာပါ။
မေး- နိုင်ငံတကာမှာ ရုပ်ရှင်နည်း ပညာတွေ တိုးတက်လာပြီး အဆင့် မြင့်ရုပ်ရှင်ဇာတ်ကားပြသလာ ကြတယ်။ အခု မြန်မာနိုင်ငံမှာလည်း နည်းပညာမြင့်အဆင့်မြင့် ရုပ်ရှင်ဇာတ်ကားတွေ ပြသနိုင်ဖို့ ဘာအခက်အခဲတွေ ရှိမလဲ။ ဘာတွေပြင်ဆင်ဖို့လိုမလဲ။ ထပ်ပြီးလေ့လာဖို့ လိုမလဲဆိုတာ ဆရာရဲ့ အမြင်လေးပြောပြပေးပါဦး။
ဖြေ – အထူးသဖြင့်ကတော့ စည်းကမ်းပိုင်းကို ကျွန်တော် တို့ ပြင်ဖို့လိုတယ်။ ရုပ်ရှင်ရိုက်ကွင်းပေါ်ကို အချိန်တန် ရောက်မလာတဲ့ ပညာသည်တွေရဲ့အပိုင်း။ နောက်ပြီးတော့ Photography နဲ့ပတ်သက်လို့ မော်နီတာလေး လှည့်ပြပါဦး။ ငါတို့ ဘယ်လောက်လှလဲ ကြည့်ပါရစေဦးဆိုတဲ့ တောင်းဆိုချက်မျိုးတွေဟာ ဒါသူတို့နဲ့မဆိုင်တဲ့ အလုပ်တွေကို လိုက်လုပ်နေတာပဲ။ တကယ်က လုပ်ငန်း မှာ သူ့စည်းကမ်း၊ သူ့နေရာနဲ့သူ၊ သူ့အလုပ်နဲ့သူ၊ အလုပ် သမားနဲ့ သူ့ရဲ့ ဒါရိုက်တာသည် သီးသန့်ရှိပြီးသားပါ။ ဒါတွေကို စနစ်တကျ ကျွန်တော်တို့ လုပ်ရလိမ့်မယ်။ အဲဒါတွေကိုလည်း လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေက နားလည်ကြရမယ်။ သည်းခံနိုင်တတ်ကြရမယ်။ နောက်လူတွေ နားလည်အောင်လည်း သင်ပြပေးခဲ့နိုင်ရမယ်။ ဒါမှသာလျှင် ကျွန်တော်တို့ တိုးတက်မှာပါ။ ဒီလိုမဟုတ်လို့ရှိရင် မိမိကိုယ်မိမိ ကင်မရာပုခုံးပေါ် ရောက်တာနဲ့ တစ်ပြိုင်နက်တည်းမှာ ငါကင်မရာမန်းကွလို့ အထင်ကြီးနေသမျှ ကာလပတ်လုံး မတိုးတက်နိုင်ဘူး။ music ပိုင်းမှာ ပြောမယ်ဆိုရင် music တိုးတက်တယ်လို့ ပြောရမယ်။ သို့သော် အသံပေါ်မှာ သုံးသပ်ချက်တွေသည် မတူသေးဘူး။ အသံမှာ အသေးဆုံးတွေကတော့ မြင့်တယ်လို့ခေါ်တယ်။ အကြီးဆုံးတွေကတော့ ပတ်မကြီး ဘင်ကြီး ခရာကြီးအသံမျိုးတွေပေါ့။ ဒီလိုဟာ မျိုးတွေဟာ သူ့အဓိပ္ပာယ်နဲ့သူရှိ တယ်။ အသံလုံးကြီးကြီးလာပြီးတော့ ဒီအသံကြီး ထွက်လာမယ်ဆိုရင် သူက လေးတယ်။ ကျောက်ခဲတုံးကြီးလိုလေးတယ်။ တယောလေးပေါ် ဘိုးလေးနဲ့ တင်ပြီးတော့ ကျစ်ကျစ်လျစ်လျစ်ဆိုတဲ့ အသံလေးဟာ ဟိုးမိုးပေါ်က ဖွဲဖွဲလေးကျလာတဲ့ မိုးစက် ပေါက်ကလေးတွေလိုပဲ။ ပေါ့တယ်။ ရုပ်ရှင်ရုံထဲမှာ ပြသနေတဲ့ အရုပ်သည် အလေးလား။ အပေါ့လားဆိုတာရှိတယ်။ အပူလား အအေးလားဆိုတာရှိတယ်။ နေထွက်နေသလား၊ မိုးအုံ့နေသလားဆိုတာရှိတယ်။ အဲဒါတွေနဲ့ အလိုက်သင့်တဲ့ ညီမျှတဲ့စက်တွေကို အသုံးချတတ်ရမယ်။ နားလည်ရမယ်။ သိရုံနဲ့မရဘူး။ သိတာဟာ သိတာပဲ။ Sensitive ဖြစ်ရမယ်။ အခု ရိုက်ကူးထုတ်လုပ်နေကြတဲ့ ဒါရိုက်တာတွေသည် ဒါတွေ ပြည့်စုံလာမယ်ဆိုရင် ဘောလိဝုဒ်ထက် ကျွန်တော်တို့က အင်တာနေရှင်နယ် အဆင့်ကို ရောက်သွားမှာ။ တကယ်လုပ်ကြည့် ပါ။ တကယ်ရောက်မှာပါ။ မလုပ်လို့ မရောက်တာ။ ငွေကိုလည်း မသုံးဘဲ ကုပ်ထားလို့လည်းမရဘူး။
လတ် တလော ရိုက်ကူးနေတဲ့ ကင်မရာတွေက တော်တော်ကွာ လတီကောင်းပါတယ်။ ဒါပေမဲ့ အဲဒီဟာတွေ ကောင်းလာသလောက်က ခလုတ်ထိလိုက်၊ လက်ဖျားလေးနဲ့တို့လိုက်၊ အသံရော အရုပ်ပါအကောင်းစားတွေ ဝင်လာဆိုတဲ့ ကင်မရာမျိုးတွေ၊ အသံဖမ်းစက်မျိုးတွေတော့ လူတွေက အရင်းအမြစ်ကို မစဉ်းစားဘူး။ မတိုးချဲ့ဘူး။ ဒီဟာကို အနှစ်ကနေ အဆီထွက်လာအောင် မကြိတ်တော့ ဘူး။ ရေပေါ်ဆီတွေပဲ အလုပ်များတယ်။ ဒါတွေအားလုံး ပြင်ရမှာပဲ။ အဲဒီဟာတွေ မပြင်နိုင်သမျှတော့ ကျွန်တော်တို့ မတိုးတက်နိုင်သေးဘူး။ ဖြစ်တော့ဖြစ်နိုင်တယ်။ တစ်ဦးတစ်ယောက်တည်းကနေပြီးတော့ တစ်ဇာတ် ကားလောက်ဖြစ်အောင် လုပ်ပြီးတော့ပေါ့။ နိုင်ငံတကာက ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ တင်သွင်းနိုင်မယ်။ ရွေးချယ်ခံရလို့ရှိရင် နိုင်ငံတကာမြင်ကွင်းမှာ ကျွန် တော်တို့ပြသမယ်။ ကံကောင်းရင်ဆုရမယ်။ ကျွန်တော်တို့ ကံအများကြီးကောင်းနိုင်ပါသေးတယ်။ ကမ္ဘာက မသိ သေးတဲ့ အကြောင်းအရာတွေ ကျွန်တော်တို့ နိုင်ငံထဲမှာ အများကြီး ကျန်သေးတယ်။ ဒုတိယကမ္ဘာစစ်ကနေစပြီး ကျန်တယ်။ ကမ္ဘာက မမြင်ဖူးသေးတဲ့ မြင်ကွင်းတွေနဲ့ တိုက်ပွဲတွေ၊ ခံစားချက်တွေနဲ့ လူတွေရဲ့အကြောင်းတွေ ပြစရာ ကျွန်တော်တို့နိုင်ငံမှာ အများကြီးကို ကျန်သေး တယ်။ ဒီတော့ ကမ္ဘာ့ဈေးကွက်ထဲကို ကမ္ဘာ့ရုပ်ရှင် အသိုင်းဝိုင်းထဲကို ကျွန်တော်တို့ ပြန်ဝင်ဖို့ လမ်းပေါက်တွေ အများကြီးရှိတယ်။ တကယ်လုပ်ကြမယ်ဆိုရင် ရပါတယ်။ ကျွန်တော်ကတော့ ခုချိန်ထိ အားမလျှော့သေးဘူး။ ကျွန် တော့်မှာ ကျောထောက်နောက်ခံလေးရှိလာခဲ့မယ်ဆိုရင် တကယ့်သမိုင်းဝင်ဇာတ်ကားရိုက်ကူးပြသချင်သေး တယ်။ ကျွန်တော့်မှာဝတ္ထုတွေ၊ ဇာတ်လမ်းတွေလည်း ရှိနေသေးတယ်။
မေး- မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် ပွဲတော်ကြီးလည်း မကြာခင် ရောက်ရှိတော့မယ်။ ဒီမြန်မာ့ရုပ်ရှင်နှစ်တစ် ရာ ပြည့်အခမ်းအနားမှာ ဘယ်လိုမျိုးလုပ်ဆောင်သင့်တယ်ဆို တဲ့ဆရာရဲ့အကြံÓဏ်စကားလေး ပြောပြေပေးပါဦးဆရာ။
ဖြေ- ကျွန်တော်ပေးချင်တဲ့ စကား ကတော့ ကျွန်တော်တို့ နောက်ဆုံးလုပ်ခဲ့တဲ့ စိန်ရတုပွဲသဘင် အခမ်း အနားထက် ကို ပိုပြီးလှပတင့်တယ် ခံ့ညားတဲ့ ရာပြည့်ပွဲဖြစ်စေချင်။ နောက်တစ်ခုက အနည်းဆုံး အာဆီယံနိုင်ငံတွေလောက်ကပဲ ဖြစ်ဖြစ်လာပြီးတော့ ဆွေးနွေးလေ့လာကြမယ်။ လာကြည့်ရှုကြမယ့် ပွဲကြီးမျိုး၊ နိုင်ငံတော်ပွဲကြီးတစ်ပွဲ ဖြစ်ချင်တယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒပါပဲ။
ညိုသစ်ငယ်
မှတ်တမ်း မျိုးကျော်(ကနောင်သွေး)