လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီထံမှ သိရသည်။
ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို အမျိုးသားရေးအနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ယခင်နှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြီးစီးမှု အစီရင်ခံစာကို တင်ပြခဲ့ပြီး၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အတွက် စီမံချက်သစ်ကို တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။