၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၁)သန်းကျော်ဝင်ရောက်ထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း သိရသည်။
ယင်းဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ရ ဟိုတယ်စုစုပေါင်း (၆၄) လုံးရှိပြီး လက်ရှိတွင် (၄၅) လုံးဖွင့်လှစ်ထားကြောင်း သိရသည်။
ကျွန်းပေါင်း (၈၀၀) ကျော်တည်ရှိသည့် မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ရေပေါ်ရေအောက်ရှုခင်းများ၊ လှပသော သဲသောင်ပြင်များပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံတမ်းများနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများကို လေ့လာနိုင်မည့်အပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတောများကိုလည်း လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့လာလည်ပတ်နိုင်သလို လေးကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့သို့ ခရီးသွားအများဆုံးလည်ပတ်ကြောင်း သိရသည်။