၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ခေတ်နှင့်အညီပြင်ဆင်မည်ဟု ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)အား ဇန်နဝါရီ ၆ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)တွင်ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံး စွဲမှုတစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေ(၈) သန်းကျော်ေ-သဆုံးနေပြီး ယင်းအနက် လူဦးရေ (၁ ဒသမ ၂)သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်မဟုတ်ဘဲ အခြားသူသောက်သုံးသည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ရောဂါများဖြစ်ပွား၍ ေ-သဆုံးနေရခြင်းဖြစ်ကာ အများစုသည် အမျိုးသမီးနှင့်ကလေ-းငယ်များဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်သွားမည်ဟု ပြောသည်။
ထို့ပြင် အများပြည်သူများကြား ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုလျော့နည်းကျဆင်းရေးကိုရည်ရွယ်၍ ထုတ်ပြန်ကြော်ငြာခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စတင်အာဏာသက်ဝင်ခဲ့ပြီးဖြစ်ရာ အမိန့်စာကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်တွန်းမှာကြားခဲ့သည်။
” အမိန့်စာပါပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ရေးနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေဘက်က လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း အထူးအလေးထားလိုက်နာကြဖို့လိုပါတယ်”ဟု ဒေါက်တာသက်ခိုင်ဝင်းက မှာကြားသည်။
ထို့နောက် ဗဟိုအဖွဲ့အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)ဒေါက်တာကျော်ကံကောင်း၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဆွေးနွေးအကြံပြုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။