၂၀၂၁ဖေဖော်ဝါရီနောက်ပိုင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံမှုရှိခဲ့ဟုဆို
ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ၂၀၂၁ဖေဖော်ဝါရီနောက်ပိုင်းမြန်မာနိုင်ငံတွင် ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံမှုရှိခဲ့ကြောင်း ispmyanmar ၏ စစ်တမ်းက ဖော်ပြထားသည်။
မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့သည့်၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း ထူးခြားမှုအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ မီနီဘတ်ဂျက်၏ ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း မှာ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ရှိရာ ယင်းတွင် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ပြီး
စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံး ၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့ကြောင်း၊ထိုင်း၊ မလေးရှား နိုင်ငံတို့ကဲ့သို့ အခြားအာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနှင့် သုံးသိန်းကျော်၊ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမှာ ဝန်ဆောင်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်၊ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားကြခြင်းဖြစ်ပြီး သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စသည့် ကဏ္ဍများတွင် လုံး၀ ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ကြောင်း သိရသည်။