၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် နိုင်ငံရပ်ခြားမှ ဖြေဆိုအောင်မြင်သူ ရာခိုင်နှုန်းထက်ဝက်နီးပါးရှိ
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အပါအဝင် နိုင်ငံရပ်ခြားမှ ဖြေဆိုအောင်မြင်သူမှာ ရာခိုင်နှုန်းအရ ထက်ဝက်နီးပါးအောင်မြင်ခဲ့ကြကြောင်း ပညာရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် ၀င်ရောက်ဖြေဆိုသူ၂၈၁၇၅၁ ဦးအနက် ၁၃၂၀၇၇ ဦး အောင်မြင်ခဲ့ရာ အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ ဒီနှစ်ကလေးတွေ အောင်ချက်က ယခင်နှစ်တွေရဲ့ အောင်ချက်ထက်အများကြီးတက်လာတယ်။ ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်နှုန်းလည်း တက်လာတာတွေ့ရတယ်။ သူတို့ရဲ့ကြိုးစားမှုကြောင့်ဘဲလေ။ ကြိုးစားမှုလို့ ဘာလို့ပြောရလည်းဆိုရင် ကလေးတွေက ကိုဗစ်ကာလမှာကျောင်းတွေပိတ်ထားတဲ့ အချိန် သင်ကြားပြီးသားစာတွေကို အွန်လိုင်းကနေဆက်ပြီး လေ့လာသင်ယူတာမျိုးတွေရှိတယ်။ ပြောရရင် စာကြေနေကြပြီလေ။ ခေတ်ကိုက အိမ်ကနေ သင်ယူနေလို့ရတဲ့ ခေတ်ဆိုတော့ ကျောင်းတွေ ပိတ်ထားပေးမယ့် စာတွေက ရနေကြတာ။ ဒါဟာ မိဘ ဆရာကျောင်းသားပူးပေါင်း အားထုတ်မှုကြောင့်ဖြစ်လာတဲ့ ရလာဒ်ပါ။ အစိုးရက စာမေးပွဲကျင်းပတဲ့ အချိန်မှာ ကလေးတွေအဖို့က ဖန်တရာကြေနေပြီးဖြစ်တဲ့ ဘာသာရပ်အလိုက်အပေါ် ကောင်းကောင်း ဖြေဆိုပြခဲ့တာဘဲဖြစ်တယ်။” ဟု အထက်တန်းပြ ဆရာမတစ်ဦးကဆိုသည်။
ယခုနှစ်တွင် အောင်ချက်အများဆုံးနှင့် အောင်ချက်အနည်ဆုံးကို ညွှန်းပြရလျှင် မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းသည် အောင်ချက်အများဆုံးဖြစ်သည်။ မွန်ပြည်နယ်တွင် ဖြေဆိုသူပေါင်း ၁၁၂၁၂ ဦး အောင်မြင်သူ ၆၄၁၄ ရှိ၍ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒဿမ ၂၁ အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်းတွင် ဖြေဆိုသူပေါင်း ၃၇၂၃၇ ရှိ၍ အောင်မြင်သူ ၁၉၄၂၃ အောင်ချက်ရာခိုင်နှုန်း ၅၂ဒဿမ ၁၆ အဖြစ်လည်ကောင်း ရှိသည်။
အောင်ချက်အနည်းဆုံးသည် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း(အရှေ့) တို့သည် ဖြစ်သည်။ ကယားပြည်တွင် ၀င်ရောက်ဖြေဆိုသူပေါင်း ၅၇၅ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒဿမ ၆၁ ၊ ချင်းပြည်နယ်တွင် ဖြေဆိုသူ ၂၂၅၉ဦးအနက် ၆၀၅ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း၂၆ ဒဿမ ရ၈၊ ရှမ်း(အရှေ့)တွင် ဖြေဆိုသူ ၂၄၃၉ ဦးအနက်ရ၈၅ အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒဿမ ၁၉ သာ အသီးသီး ရှိခဲ့ကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ရခိုင်ပြည်နယ်သည် အများဆုံးဝင်ရောက်ဖြေဆိုခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဖြေဆိုသူပေါင်း ၄၁၇၅၅ဦး ရှိသည့်အနက် အောင်မြင်သူ ၁၉၇၂၉ ရှိ၍ အောင်ချက်ရာခိုင်နှုန်း ၄၇ ဒဿမ ၁၅ ရခိုင်နှုန်းရှိခဲ့ကြောင်း ထုတ်ပြန်အရ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှစ၍ဧပြီ ၉ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။