(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားအား ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ အမျိုးသားစာပေတစ်သက်တာဆုရရှိသည့် စာပေပညာရှင်ကြီး(၆)ဦးကို ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
စာပေပညာရှင်ကြီးများဖြစ်သည့် ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ ဒေါက်တာတိုးလှ၊ ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ ဦးသန်းဆွေ(မောင်သန်းဆွေ-ထားဝယ်)၊ ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့မှလည်း အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယခုနှစ်ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုချီးမြှင့်ပွဲတွင် အမျိုးသားစာပေတစ်သက်တာဆုအား စာပေပညာရှင်ကြီး (၆)ဦးကိုပေးအပ်ခဲ့ပြီး စာပေဗိမာန်စာမူဆုတွင် ဘာသာရပ်(၁၃)မျိုး၊ အမျိုးသားစာပေဆုတွင် စာမူပေါင်း(၃၀)ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။