၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၏ (၂၀၂၄ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ)လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၇၉၀၀)ကျော်ပျက်စီးကာ ေ-သဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ရာ၌ ထည့်သွင်းအသိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ်(၁၄၀၀၀) ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၂၀၀၀ဝ)ကျော်ပျက်စီးခဲ့သည်ဟုလည်း အသိပေးခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်းတွင် နွေဦးရာသီနှင့် နွေရာသီကာလများ၌ နေ့အပူချိန်များတဖြည်း ဖြည်းမြင့်တက်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့်ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ကာ ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများဖြစ်ပေါ်လေ့ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လေပြင်းမတိုက်ခတ်မီကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရမည့်အချက်များနှင့် လေပြင်းတိုက်ခတ်ပြီးနောက် သတိပြုဆောင်ရွက်ရမည့်အချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း အသိပေးခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်းတိုက်ခတ်မှုများကြောင့် ရပ်ရွာလူထု၏နေအိမ်များထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ရာ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေအိမ်ပေါင်း(၇၅၀၀၀) ကျော်ပြင်ဆင်ပေးနိုင်ခဲ့သည်ဟုလည်း အသိပေးခဲ့သည်။