မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်သွားမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၎င်းမှ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်မှ တိုင်းရင်းဆေးပညာကဏ္ဍကိုမြှင့်တင်ပေးလျက်ရှိပြီး ၂၀၀၁ ခုနှစ်၌ မန္တလေးမြို့တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ကာ မျိုး ဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့သည်ဟု ပြောသည်။
” အခုအခါမှာ တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်တွေကို ဒီပလိုမာအ ဆင့်၊ ဘွဲ့ရအဆင့်ကနေ တိုင်းရင်းဆေးပညာမ ဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်သလို နိုင်ငံတော်အစိုးရရဲ့ ချီးမြှောက်ပံ့ပိုးမှုနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိ ပေးအပ်နိုင်ဖို့ ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး ပါရဂူသင်တန်းတွေ ဖွင့်လှစ်ပေးသွားမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန် ကျန်းမာရေးကဏ္ဍတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ်အားပေးဆောင်ရွက်လျက်ရှိ၍ မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များမှ အနာဂတ်မြန်မာ့တိုင်းရင်းဆေးပညာရပ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်နှင့်အညီ ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ(၃)ရုံ၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ(၉)ရုံ၊ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁၃)ရုံနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၂၄)ရုံ၊ ခရိုင်တိုင်းရင်းဆေးခန်း(၅၀)၊ မြို့နယ်တိုင်းရင်းဆေးခန်း(၂၁၀)ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကိုမြှင့်တင်စောင့်ရှောက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် မြန်မာ့တိုင်းရင်းဆေးပညာခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့်လည်း ယခုထက် ပိုမိုချိတ်ဆက်၍ လေ့လာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင်အတူလိုက်ပါပူးပေါင်းဆောင်ရွက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌကမှာကြားခဲ့သည်။