မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ဆီပိဿာ ချိန် (၄၀, ၀၀၀)ကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချပွဲတော်ကို ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ ဆီစက် (၂)စက်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆီစက် (၁)စက်၊ မန္တလေးတိုင်းဒေသကြီးမှ ဆီစက် (၄)စက်၊ မကွေးတိုင်းဒေသကြီးမှ ဆီစက် (၄) စက် စုစုပေါင်းဆီစက် (၁၁)စက်မှ စားသုံးဆီပိဿာချိန် (၄ ဝ,၀၀၀)ကျော် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ စားသုံးသူများ၏ ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီနှမ်းဆီနေကြာဆီကို ပိုမိုစားသုံးနိုင်ရေး နှင့် ပြည်တွင်းဆီဖူလုံမှုကိုပြသချင်သည့်အတွက် စားသုံးဆီဈေးရောင်းပွဲတော်ကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဈေးရောင်းပွဲတော်တွင် မြေပဲဆီ တစ်ပိဿာ ကျပ် (၁၇ ၀၀၀) ၊ နေကြာဆီ တစ်ပိဿာ ကျပ် (၂၀၀၀၀)နှင့် နှမ်းဆီတစ်ပိဿာ ကျပ် (၁၈၀၀၀) နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက်သည် တစ်လလျှင် တန်ချိန် (၁) သိန်းခန့် ရှိသော်လည်း ပြည်ပမှ လစဉ်စားအုန်းဆီ တန်ချိန် (၅) သောင်းဝန်းကျင်သာ တင်သွင်းနေရကြောင်း သိရသည်။