ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။
နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။
ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အ ထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ တည်ခင်းဧည့်ခံခြင်းဖြစ်ကာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။