(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ(၁၃)ရက်၌ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့ အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် အကျဉ်းချုံးသာ ကျင်းပသွားရန် စီစဉ်ထားပြီး အခမ်းအနားကို ရိုးရာမပျက် ကျင်းပနိုင်ရန် ယင်းနေ့ တစ်ရက်အတွင်း ၌သာ ကျင်းပသွားမည်ဖြစ်သည်ဟု မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီထံမှ သိရသည်။
မွန်အမျိုးသားနေ့ အခမ်းအနားကို ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစ၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအစရှိသည့် မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို)ကို ဖွဲ့စည်းခဲ့သည်။
ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သမလ၊ ဝိမလ မွန်ညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် (၁) ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းလည်း ဖြစ်သည်။