၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း (၁,၆၀၇)ခုရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယင်းတွင် စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်လုပ်ငန်း၊ ဓာတ်သတ္တု၊ စိုက်ပျိုးရေး၊ စက်ပစ္စည်းစသည့် လုပ်ငန်းပေါင်း (၁၃) မျိုးပါဝင်ကြောင်း သိရသည်။
ထိုသို့ မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးတွင် ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားရာတွင် လိုင်စင်ဓါတ်ပုံ(၅) ပုံ ၊ မှတ်ပုံတင်မိတ္တူ (၃)စောင်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ကြောင်း ထောက်ခံချက်၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများဖြစ်ပါက (၁) တံဆိပ် (၃) ခု (၂) ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးရန် ပစ္စည်းနမူနာ (၆) ခု (ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများနှင့် ပြည့်စုံရမည်) နှင့်မှတ်ပုံတင်လျှောက်လွှာကို ဝယ်ယူ ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။