အဖေက ပြောတယ်
”စစ်မှန်တဲ့ငြိမ်းချမ်းရေးမှာ သွေးညှီနံ့တွေ
စွဲထင်ကျန်ရစ်စေတတ်တယ်”တဲ့
အဖေပြောတုန်းက
သားနားမလည်ခဲ့ဘူး အဖေ။
စနစ်တစ်ခုရဲ့အောက်မှာ ကြောက်နေရတာကလည်း
ထုဆစ်ဖန်တီးမှုတစ်ခုပဲလား အဖေ။
အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့
အချစ်က အချစ်
စစ်ဟာ စစ်ပဲ။
စစ်ကြောင့် ကြေကွဲ
စစ်ကြောင့် သေကွဲ
စစ်ကြောင့် မြေထဲ
စစ်ကြောင့် ငိုရှိုက်
စစ်ကြောင့် ပိုမိုက်
စစ်ကြောင့် . . . .
ရေနည်းငါးမဟုတ်တဲ့ အမိမဲ့သားတွေ ရင်ခွင်မဲ့အိပ်စက်နေရ
စစ်ကြောင့်
အဖေလည်း ဆုံး
အမေလည်း ရှုံးခဲ့ရတယ်အဖေ။
ငြိမ်းချမ်းရေးရဲ့ အထိမ်းအမှတ်ကို
ချိုးဖြူငှက်သင်္ကေတ
ဘယ်သူဖန်တီးခဲ့တာလဲ အဖေ။
သားတို့နိုင်ငံမှာ
ချိုးဖြူငှက်ဆိုတာ တကယ်ရှိခဲ့တာလား
တကယ်ရှိလာမှာလား အဖေ။
သားတို့အတွက်
မနက်ဖြန်ဆိုတာက မသေချာဘူး
မရေရာမှုတွေနဲ့
မနက်ဖြန်ဆိုတာ မသေချာတဲ့နိုင်ငံမှာ
လူဖြစ်နေရတဲ့
သားတို့အားလုံးရဲ့ကံကြမ္မာကို ရိုင်းတယ်လို့တော့
ရိုးမယ်မဖွဲ့ချင်ဘူး အဖေ။
ကျွန်စနစ်တွေ ပျက်သုန်းခဲ့တာ
ရာစုနှစ်ချီနေပြီဆိုပေမယ့်
အချင်းချင်း ကျွန်ပြုခံနေရတဲ့ခေတ်ထဲ
မသင်ချင်လည်းသင် မအံချင်အံ
မပြန်ချင်လည်းပြန်နေရတဲ့
အစမ်းသပ်ခံပညာရေးစနစ်မှာ
သားတို့ဘွဲ့တစ်ခုရခဲ့တယ်။
ဘွဲ့ရပြီး ပညာမတတ်ခဲ့
အလုပ်ကလက်မဲ့ ဘဝတွေပါပျက်ခဲ့ရတယ်အဖေ။
အရှေ့တောင်အာရှရဲ့ ကျား
ခြင်္သေ့တွေရဲ့ ခံတွင်းဝမှာ
‘ယူကြဦးမလား အလုပ်သမားတွေရမယ်’ဆိုတဲ့
လုပ်အားအရောင်းအဝယ်ဈေးကွက်မှာ
ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတာ
သားတို့နိုင်ငံရဲ့
အနာဂတ်ခေါင်းဆောင်လောင်းတွေပါတယ် အဖေ။
ကလေးကောင်းမှ လူကြီးကောင်းမယ်လို့
အဖေပြောခဲ့ပေမယ့်
သားတို့ဘယ်လောက်ကောင်းကောင်း
လူကြီးတွေက မပြောင်းတော့ ကောင်းလာမယ့်လူကြီး မမျှော်လင့်တော့ဘူး အဖေ။
သွေးညှီနံ့တွေ ထပ်မစွန်းချင်တော့ပေမဲ့
ချိုးဖြူငှက်ကလေးက နာဖျားနေဆဲပါပဲ။
ကချင်မှာလည်း ဗုံးဆံကွဲ
ရခိုင်မှာလည်း ယမ်းနံ့စွဲ
ရှမ်းပြည်မှာလည်း ကျည်ဆံဝဲ
ပြည်တွင်းမှာလည်း ရုန်းကန်ဆဲပါပဲ အဖေ။
သားတို့ရဲ့ ဘဝ
ခိုင်မာစေမယ့် အာမခံချက်ဆိုတာကလည်း
အမေပြောတဲ့
ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုပါပဲ အဖေ။
လူဆိုတာ
မျှော်လင့်ခြင်းနဲ့ အသက်ရှင်ရတယ်ဆိုရင်
သားရဲ့မျှော်လင့်ခြင်းကတစ်ခုတည်းပါပဲ
အနာဂတ်မျိုးဆက်တွေအတွက်
ချိုးဖြူငှက်လေးကို
မိမိရရဖမ်းဆုပ်ထားနိုင်ခွင့်လေးပါပဲ အဖေ။
ဒီလှိုင်းဝင်း (မန္တလေး)