ကားပေါ်တွင် ထိုင်ခုံခါးပတ်မပတ်သဖြင့် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ် ဒဏ်ရိုက်ခံရ

0
274

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်သည် ကားပေါ်၌ လိုက်ပါစီးနှင်းနေစဉ် ထိုင်ခုံခါးပတ် မပတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့၏ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

လန်ကာရှားစီရင်စု ရဲတပ်ဖွဲ့သည် နာမည်အတိအကျ ဖော်ပြခြင်းမရှိဘဲ လန်ဒန်မှ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် ယာဉ်စည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့က အွန်လိုင်းပေါ် တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် ဝန်ကြီးချုပ်သည် ထိုင်ခုံခါးပတ် မပတ်ဘဲ ကားပေါ်၌ လိုက်ပါစီးနှင်းနေသည်ကို အင်တာနက် အသုံးပြုသူများက သတိထားမိသွားပြီးနောက် ဟိုလေးတကျော်ကျော်ဖြစ်သွားခဲ့သည်။ ထိုချိန်တွင် ဆူနက်ခ်သည် လန်ကာရှားစီရင်စုတွင် ရောက်ရှိနေခြင်းဖြစ်သည်။

“ဒါဟာ အမှားတစ်ခုဆိုတာကို အပြည့်အဝလက်ခံပါတယ်၊ ပြီးတော့ တောင်းပန်ပါတယ်” ဟု ဆူနက်ခ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါဗီဒီယို ပျံ့နှံ့သွားပြီးနောက် ပြောကြားခဲ့သည်။ ဒဏ်ကြေးလည်း ပေးဆောင်သွားမည်ဟု သူက ဆိုသည်။

ဗြိတိန်တွင် ခရီးသည်များ ကားပေါ်၌ ထိုင်ခုံခါးပတ် မပတ်ဘဲ သွားလာနေသည်ကို တွေ့ရှိပါက ဒဏ်ငွေအဖြစ် စတာလင် ပေါင်တစ်ရာ (ဒေါ်လာ ၁၂၄) ပေးဆောင်ရနိုင်ပြီး တရားရုံးအထိ ရောက်သွားပါက စတာလင် ပေါင်ငါးရာ (ဒေါ်လာ ၆၂၀) အထိ ဒဏ်ငွေ ရိုက်ခံရနိုင်သည်။

ယင်းသို့ ဒဏ်ရိုက်ခံရခြင်းသည် ဆူနက်ခ်အတွက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်မှာမူ ကိုဗစ်ကာလအတွင်း လော့ခ်ဒေါင်းချထားချိန် ဝန်ကြီးချုပ်ဟောင်း ဘိုရစ်ဂျွန်ဆင်နှင့်အတူ မွေးနေ့ပွဲတစ်ခု တက်ရောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here