ပဲခူးတိုင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား စီမံချက်ဖြင့် ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ လိုင်စင်ပြုလုပ်ပေးမည်

0
373

ပဲခူးတိုင်းအတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား ဇန်နဝါရီ ၂၃ ရက်မှစတင်၍ ဖေဖော်ဝါရီ ၂၃ ရက်အထိ စီမံချက်ဖြင့် လိုင်စင်များပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တိုင်းဒေသကြီးရုံး(ပဲခူး)၊ပြည်၊တောင်ငူနှင့်သာ ယာဝတီတို့ရှိ ခရိုင်ရုံးအသီးသီးတွင် ရုံးဖွင့်ရက်များ၌ နံနက် ၉ နာရီမှနေ့လည် ၃ နာရီခွဲအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်လိုင်စင်လာရောက်ပြုလုပ်သူများအနေဖြင့် မှတ်ပုံတင်(မူရင်း/မိတ္တူ)၊သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)နှင့်ရပ်ကွက်ထောက်ခံစာများယူ ဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

“ကောင်းတာပေါ့ဗျာ လိုင်စင်မရှိတဲ့အခါကြတော့ မောင်းတဲ့အခါသတိထားပြီးမောင်းရတယ် ဘယ် လိုပဲဖြစ်ဖြစ် ကိုယ်မောင်းတဲ့ဆိုင်ကယ်ကလိုင်စင်ရှိထားတာက အကောင်းဆုံးပဲ”ဟု ပဲခူးမြို့တွင်နေထိုင်သည့် ကိုကျော်စွာမင်းကပြောသည်။

ကနဦးမှတ်ပုံတင်ခ ၁၅၀၀၀ ကျပ်၊ ကနဦးယာဥ်စစ်ဆေးခ ၅၀၀၀ ကျပ်၊ အထူးစစ်ဆေးခ(ကမ-၃ + အဝိုင်း + ဟိုလိုဂရမ် + ဖိုင်) ၂၀၀၀ ကျပ်၊ ဖောင်း ကြွနံပါတ်ပြား ၁ ချပ် ၂၅၀၀ ကျပ်(စုစုပေါင်း ၂၄၅၀၀ ကျပ်)ကျသင့်မည်ဖြစ်ကာ မြန်မာ့အာမခံလုပ်ငန်းမှ ၄၁၅၀ ကျပ်နှင့်မြန်မာ့စီးပွားရေးဘဏ်မှ ၅၀၀ ကျပ်တို့လည်း ကျသင့်မည်ဖြစ်ကာ ဆိုင်ကယ်အမျိုးအစားအလိုက် ကောက်ခံမည့်နှုန်း ထားများအား သက်ဆိုင်ရာရုံးများ၏ ကြော်ငြာ သင်ပုန်းတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here