ယူကရိန်းသို့ ဘိုရစ်ဂျွန်ဆင် သွားရောက်လည်ပတ်၊ အကူအညီပေးမည်ဟု ကတိပြု

0
168

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘိုရစ်ဂျွန်ဆင်သည် ဇန်နဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့တွင် ကိယက်ဗ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဇလန်စကီးတို့နှင့် တွေ့ဆုံကာ အရေးအခင်း အောင်နိုင်ရန်အတွက် အချိန်မည်မျှပင် ကြာစေမူ ဗြိတိန်သည် ယူကရိန်းဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဇလန်းစကီး၏ ဖိတ်ကြားချက်အရ ယူကရိန်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဂျွန်ဆင် ကဆိုသည်။

ဂျွန်ဆင်၏ ယူကရိန်းခရီးစဉ်သည် လက်ရှိ ဝန်ကြီးချုပ် ဆူနက်ခ်၏ အခွင့်အာဏာကို ထိခိုက်စေနိုင်သည်ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာသော်လည်း ဆူနက်ခ်ကမူ ၎င်း၏ ခရီးစဉ်ကို ထောက်ခံကြောင်း ဒေါင်းနင်းလမ်းက ဖော်ပြထားသည်။

“သမ္မတ ဇလန်းစကီးရဲ့ ဖိတ်ကြားချက်နဲ့ ယူကရိန်းသို့ လာရောက်ခွင့်ရတာဟာ အခွင့်ထူးတစ်ရပ်ပါ၊ ယူကရိန်းပြည်သူတွေ ခံစားနေရတာဟာ အတော်လေး ကြာလှပါပြီ၊ ဒီစစ်ပွဲကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက ယူကရိန်းအနိုင်ရဖို့ဖြစ်ပြီး တတ်နိုင်သမျှ မြန်မြန်အနိုင်ရဖို့ပါပဲ၊ အခုအချိန်က ယူကရိန်းပြည်သူတွေကို သူတို့လိုအပ်နေတဲ့ လက်နက်ကိရိယာတွေပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု ဂျွန်ဆင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ပူတင် မြန်မြန်ကျရှုံးလေလေ၊ ယူကရိန်းအတွက်ရော ကမ္ဘာတစ်ခုလုံးအတွက်ပါ ပိုကောင်းလေလေ” ဟု သူက ပြောခဲ့သည်။

ဂျွန်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကတည်းက ယူကရိန်း၏ အဓိက မဟာမိတ်တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး အရေးအခင်းစတင်ချိန် အစောပိုင်းကာလတွင်လည်း ယူကရိန်းအား အကူအညီများပေးကြရန် ဆော်ဩခဲ့သူဖြစ်သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here