ကလီဖိုးနီးယားပြည်နယ် ဟတ်ဖ်မွန်းဘေး တွင် ပစ်ခတ်မှုနှစ်ခုဖြစ်ပွား၊ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့

0
263

ကလီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ စိုက်ပျိုးရေးဒေသတွင် ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီလ ၂၃ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပစ်ခတ်မှုများမှာ ဆန်ဖရန်စ္စကိုမြို့ တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ကမ်းရိုးတန်းမြို့လေးဖြစ်သည့် ဟတ်ဖ်မွန်းဘေး ၏ ဆင်ခြေဖုံး ရှိ မှိုမွေးမြူရေးခြံနှင့် ကုန်တင်ကားကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောခဲ့သည်။

တိုင်ကြားခံရသည့် ရဲအရာရှိများသည် ပထမနေရာဖြစ်သည့် မှိုမွေးမြူရေးခြံတွင် လူလေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိခဲ့ပြီးနောက် ထိုနေရာနှင့် ငါးမိုင်အကွာရှိ ကုန်တင်ကား ကုမ္ပဏီတွင် နောက်ထပ် လူသုံးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲမှူး ခရစ်တီနာ ကောပတ်စ်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုများနှင့် ပတ်သက်၍ အသက် ၆၇ နှစ်အရွယ် ကျောင်းချွန်းလီ အမည်ရှိ သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။

တိုင်ကြားခံရပြီး နှစ်နာရီခန့်အကြာတွင် ရဲမှူး၏ လက်ထောက်တစ်ဦးက သံသယရှိသူ ကျောင်းအား ဟတ်ဖ်မွန်းဘေးမြို့၏ ရဲစခန်းတွင် ရပ်ထားသော သူ၏ ကားထဲတွင် ထိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ ကျောင်း၏ ကားထဲတွင် သေနတ်တစ်လက် တွေ့ရှိသည်ဟုလည်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာနှစ်ခုကြားရှိ ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ပစ်ခတ်မှုနှစ်ခုလုံးမှာ ဆက်စပ်မှုရှိနေသည်ဟု ယူဆထားသည်။

Source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here