ရှေးဟောင်းမြေထည်ပစ္စည်း ၂၅ ခုအားအပ်နှံခဲ့သည့် စလင်းမြို့ဒေသခံ ၃ ဦးအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်မည်

0
149

မကွေးတိုင်း၊စလင်းမြို့နယ်၊ကျပင်းကျေးရွာ(ငါးမျက်နှာ)နှင့်ကျောင်းကုန်းကျေးရွာဒေသခံ ၃ ဦးက ရှေးဟောင်းမြေထည်ပစ္စည်း ၂၅ ခုအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးဌာနခွဲ)သို့ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၂၄ ရက်က အပ်နှံခဲ့ကြသည်။

ထိုသို့ အပ်နှံသည့် ရှေးဟောင်းမြေထည်ပစ္စည်း ၂၅ ခုအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးဌာနခွဲ)က စနစ်တကျစာရင်းပြုစု၍ လွှဲပြောင်း/လက်ခံရယူခဲ့ကြသည်။

ထို့ပြင် ရှေးဟောင်းမြေထည်ပစ္စည်း ၂၅ ခုအားအပ်နှံခဲ့ကြသည့် ဦးစိုးတင့်၊ ဦးကျော်မင်းနှင့်ဦးအောင်မြင့်တို့အား ပစ္စည်း၏မူလတန်ဖိုးအပြင် အနုစိတ်လက်ရာတန်ဖိုးနှင့်ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါထပ်ဆောင်း၍ ဂုဏ်ပြုချီးမြှင့်ငွေများပြန်လည်ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းရှေးဟောင်းမြေထည်ပစ္စည်း ၂၅ ခုအား နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်းတွင် ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲ၏ မကွေးတိုင်းယဉ်ကျေးမှုပြခန်းတွင် ထည့်သွင်းပြသခဲ့သည်။

“ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်နည်းဥပဒေများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်နည်းဥပဒေများ၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်နည်းဥပဒေများ”ကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးဌာနခွဲ)မှတာဝန်ရှိသူများက စလင်းမြို့နယ်ဒေသခံများကို ရှင်းလင်းပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here