နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ယနေ့ ဇန်နဝါရီ (၂၄) ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် NSPNC ၏ အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ် ချုပ်ကြီးရာပြည့်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။
” မိမိတို့ NCA စာချုပ်အားလက်မှတ်ရေးထိုးခဲ့သည် မှာ ၇ နှစ်ကျော်ကြာခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုမရှိသည့်အပြင် NCA စာချုပ်ပါအတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၇ နှစ်ကျော်အချိန်ကာလကို နှမြောမိသည်” ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်စစ်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အနာဂတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်မည်ဆိုပါက သဘာဝအရှိတရားဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့်အညီ တိုင်းပြည်အားပြန် လည်တည်ဆောက်နိုင်မှသာ အားလုံးလိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်သို့ ရောက်ရှိမည်ဟုလည်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရမည့် ကိစ္စများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှအခြေ ခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြုချက်များကို ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ ဒုတိယနေ့ ဆွေးနွေးပွဲအား ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် စဝ်ဆောင်းဟန်စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
Photo Credit -TAI FREEDOM