ရန်ကုန်လေဆိပ်နှင့်နေပြည်တော်သပြေကုန်းစျေးတို့တွင်အခြေပြု၍ လျှပ်စစ်သုံးတက္ကစီစမ်းသပ်ပြေးဆွဲမည့် လျှပ်စစ်သုံးယာဥ်များပထမအကြိမ်ရောက်ရှိ

0
374

တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model လူစီးနှင့် တက္ကစီ အဖြစ်စမ်းသပ်ပြေးဆွဲမည့် လျှပ်စစ်သုံးယာဥ်အစီး ၄၀ ပထမအကြိမ်အဖြစ်မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်သုံးယာဥ်များအား Chin Dwin Shan Construction Co., Ltd မှအစီး ၃၀ နှင့် NPK Motors Co., Ltd မှ ၁၀ စီး(စုစုပေါင်း ၄၀ စီး)အား အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများအား တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရွာသာကြီး Dry Port တွင်ရောက်ရှိနေကာ အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဒု-ဥက္ကဋ္ဌ-၁ ဒေါက်တာချာလီသန်း၊လုပ်ငန်းကော်မတီ(၅)ရပ်မှ ဥက္ကဋ္ဌများ၊တာဝန်ရှိသူများက ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တင်သွင်းလာသည့် လျှပ်စစ်သုံးယာဥ်များသည် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ခွင့်ပြုထားသည့် လိုင်စင်ပါ ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိနှင့်ယာဉ်များထုတ်ယူသည့်လုပ်ငန်းစဉ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်း လျှပ်စစ်သုံးယာဥ်များအနက် လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd မှ ရန်ကုန်လေဆိပ်အား အခြေပြု၍ Taxi ၁၀ စီး၊ NPK Motors Co., Ltd မှ နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ Taxi ၁၀ စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များတွင် ကျယ်စွာအသုံးပြုနိုင်ရန် ကနဦး ရှေးပြေးစီမံကိန်း(Pilot Project)ကာလအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင် ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှတင်ပြသည့် အဆိုပြုလွှာများအားစိစစ်၍ လျှပ်စစ်သုံးယာဉ်များတင်သွင်းအသုံးပြုနိုင်ရေး၊ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး၊အများသုံး Level-3 အဆင့် Charging Station များတည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့်ဆောင်ရွက်နိုင်ရေးတို့အားခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here