Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မြို့နယ်အလိုက်သတ်မှတ်သင်္ကေတများပြောင်းလဲမည်

0
441

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များတွင် မြို့နယ်အလိုက်သတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

“ရန်ကုန်တိုင်းက ၄၅ မြို့နယ်မှာ မြို့နယ်တစ်ခုချင်းအလိုက် မြို့နယ်သတ်မှတ်သင်္ကေတနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာပါ ဘေးစတစ်ကာနံပါတ်တွေပေါ်မှာပြောင်းလဲတပ်ဆင်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

Taxi ယာဥ်များ၏ ဘေးစတစ်ကာနံပါတ်များအား မြို့နယ်အလိုက် ပြောင်းလဲသတ်မှတ်ရာတွင် တိုက်ကြီးမြို့နယ်မှ Taxi ယာဥ်များ၏ သင်္ကေတအမှတ်အသားနံပါတ်သည် No-1 ၊ ထန်းတပင်မြို့နယ်မှ Taxi ယာဥ်များသည် No-2 ၊ မင်္ဂလာဒုံမြို့နယ်မှ Taxi ယာဥ်များသည် No-3 အစရှိသဖြင့်မြို့နယ်အလိုက် သင်္ကေတအမှတ်အသားနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Taxi ကားများအား မှတ်ပုံတင်ရာ၌ ယခင် တောင်းခံသည့် ရပ်ကွက်ထောက်ခံစာ၊သန်းခေါင် စာရင်း၊စာချုပ်တောင်းခံခြင်းများမပြုလုပ်တော့ဘဲ လက်ရှိအချိန်တွင် ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊သက်တမ်းတိုးပြီး အထောက်အထား၊လုပ်ငန်းလိုင်စင်အပိုင်း ၁ နှင့် ၂ ၊ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်း၏ မှတ်ပုံတင်၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ယာဉ်မောင်းလိုင်စင် “ဃ”နှင့်“င” တို့ကိုသာတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒါတွေကို လာရောက်ဆောင်ရွက်သူကို ပြန်ပေးလိုက်မှာပါ အချက်အလက်တွေကို e-Government စနစ်အတိုင်း ကွန်ပျူတာနဲ့သိမ်းဆည်းထားမှာပါ”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် Taxi ယာဉ်များ မှတ်ပုံတင်ရာ၌ ယခင်ကောက်ခံသည့်နှုန်းများနှင့်ဒဏ်ကြေးများ ကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခ ၃၀၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ကတ်စနစ် ၃၅၀၀ ကျပ်နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ်တို့ကိုသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် Taxi ယာဉ်များ စည်းကမ်းနှင့်အညီစနစ်တကျပြေးဆွဲနိုင်ရန်၊ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာဝန်ဆောင်မှုပေးနိုင်ရန်၊မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန် YRTC စီမံမှုအောက်ရှိ “ဂ”စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here