မူဆယ်မြို့နယ် အိမ်ထောင်စု ဇယားရှိသူများကို တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များ ကနဦး အနေဖြင့် စတင်ထုတ်ပေး

0
325

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းနေထိုင်ကြောင်း အိမ်ထောင်စုဇယား ပြသနိုင်ပြီး နိုင်ငံသားမှတ်ပုံတင်ရှိသူများကို တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်တွင် ယနေ့ ဇန်နဝါရီ (၂၅) ရက် နံနက်ပိုင်းက စတင် ထုတ်ပေးနေခြင်းဖြစ်ပြီး ကနဦးအနေဖြင့် မူဆယ်မြို့နယ် အိမ်ထောင်စုဇယားရှိသူများကို ဦးစားပေး ထုတ်ပေးနေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

” သူတို့ တရားဝင် ထုတ်ပြန်ထားတာက ဘယ်က မှတ်ပုံတင်ပဲ ဖြစ်နေပါစေ မူဆယ်မှာ တရားဝင် အိမ်ထောင်စုဇယားနဲ့ နေထိုင်သူများကိုသာ လက်ရှိအနေအထားအရ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို ပြုလုပ်ပေးပါမယ်။ လူတွေက အမှတ်မှားနေတာက (၁၃/) ဆိုရင် အကုန်ရမယ်ထင်နေတာ။ (၁၃/) တိုင်းလည်း မရဘူး ။ (၁၃/) ဆိုရင် ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း အကုန်ပါတယ်။ မူဆယ်မှာ တရားဝင်အိမ်ထောင်စု ဇယားရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ” ဟု မူဆယ်အခြေစိုက် လူသားချင်းစာနာ‌ထောက်ထားမှု အကူညီပေးရေးကွန်ရက် ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ထုတ်ပေးရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ချက်ချင်းမထုတ်ပေးသေးဘဲ လိုအပ်သည့်စာရွက် စာတမ်းများ ပေးအပ်ကာ လျှောက်ထားခဲ့ရကြောင်း သွားရောက်လျှောက်ထားကြသူများထံမှ သိရသည်။

လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဝင်ခွင့်/ ထွက်ခွင့် စာအုပ်အနီများ စတင်ထုတ်ပေးရန် လုပ်ဆောင်နေပြီဖြစ်သော်လည်း လူဝင်ထွက်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့်နန်းတော်ဂိတ်ကို ဖွင့်လှစ်ပေးခြင်းမရှိသေးကြောင်းလည်း သိရသည်။

သို့သော် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဝင်/ထွက်ခွင့် စာအုပ်များ စတင်ထုတ်ပေးရန် ပြင်ဆင်နေပြီဖြစ်သည့်အတွက် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကိုလည်း မြန်မာဘက်မှ မကြာမီတွင် ဖွင့်လှစ်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်(အနီ) လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် လျှောက်လွှာဝယ်ယူကာ သန်းခေါင်းစာရင်း မူရင်း/ မိတ္တူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် လိုင်စင်ဓာတ်ပုံ (၄) ပုံပေးကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

” စာအုပ်ကြေးက ပုံမှန်ပါပဲ။ အရင်က ပေးရသလောက်ပေါ့။ မြန်မာငွေ ၃၀၀၀ ဆိုတာ အလွန်ဆုံးပါပဲ။ အဲဒီလောက်ပဲ ပေးရပါတယ်။ နိုင်ငံတော်က တရားဝင် လုပ်ပေးနေတာလေ။ အပြင်မှာကတော့ လျှောက်ပြောနေကြတာ။ ဘယ်လောက်ပေးရတယ် ၊ ဘယ်နှစ်သိန်းပေးရတယ်ဆိုပြီးတော့ ” ဟု မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

လက်ရှိထုတ်ပေးနေသည့် နယ်စပ် ဖြတ်ကျော် ဝင်ထွက်ခွင့် စာအုပ်အနီသည် သက်တမ်း (၁) နှစ်ဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ် ကျယ်ခေါင်နှင့် ရွှေလီနယ်နိမိတ်အပါအဝင် အတွင်းသာ သွားလာခွင့်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ် လက်ဝယ်ရှိသူများအနေဖြင့် တရုတ်နိုင်ငံအတွင်း သတ်မှတ်ဧရိယာတွင် (၆) ညအိပ် (၇) ရက် နေထိုင်ခွင့်ရှိကာ စာအုပ်သက်တမ်း (၁) နှစ်ပြည့်ပါက သက်တမ်းတိုးရန်လိုအပ်ကြောင်း သိရသည်။

တရုတ် – မြန်မာ နယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များကို ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်းမှ စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ နှစ်နိုင်ငံအစိုးရများအကြား ညှိနှိုင်းမှုများဖြင့် ပြန်လည်ဖြေလျှော့မှုများ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here