ရေး-သံဖြူဇရပ်သွား လမ်းတွင် Express ယာဉ် နှင့် Probox တိုက်မိမှုကြောင့် Probox ပေါ် ပါလာသည့် (၅)ဦးလုံး သေဆုံး

0
337

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးတွင် ဇန်နဝါရီလ ၂၇ ရက် ညဦးပိုင်းက Express ယာဉ် နှင့် Probox တိုက်မိမှုကြောင့် Probox ပေါ် ပါလာသည့် (၅)ဦးလုံး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီး ကနင်ကမော့ကျေးရွာနှင့် အောင်သာယာရွာအကြားမှာ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် Probox ကားတစ်စီးနှင့် ခရီးသည်တင် Express ကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” တိုက်မိတဲ့ အရှိန်ကတော်တော်ပြင်းတယ်၊ Probox ကားကတော်တော်ပျက်စီးသွားပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ ၅ ဦးလုံး ကားအတွင်းမှာပဲညပ်ပြီး သေဆုံးသွားပါတယ်၊ Express ယာဉ်ကတော့ ခေါင်းပိုင်းပျက်စီးတယ် လူထိခိုက်တာမျိုးတော့ မရှိပါဘူး ” ဟု ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ပြောသည်။

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် Probox ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကလေးတစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ကားအတွင်းညပ်ပြီး သေဆုံးသွားကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ  သိရသည်။

သေဆုံးပြီး ကားထဲညှပ်နေသော DB  များကို ‌ရွှေဟင်္သာလူမှုကူညီရေးအသင်း၊ မေတ္တာရှေ့ထားလူမှုကယ်ဆယ်ရေးအသင်း(အစင်)၊ လမိုင်းလူငယ်ပရဟိတအသင်း နှင့် အနီးအနားပတ်ဝန်းကျင်ရှိ အရပ်သားများ ဝိုင်းဝန်း ဆွဲထုတ်ခဲ့ပြီး လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – ရွှေဟင်္သာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here