မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပ

0
353

မန္တလေးတိုင်း၊မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ လူငယ်ရေးရာကော်မတီစုံညီပွဲတော်အား ဇန်နဝါရီ ၂၈ ရက်(ယနေ့)နံနက် ၈ နာရီက ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း၊နိုင်ငံတော်မှ ပြုလုပ်လျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသည့်အနေဖြင့် မန္တလေးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပခြင်းဖြစ်သည်။

ထို့ပြင် လူငယ်များ၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊အမျိုးဘာသာ၊သာသနာ၊ယဥ်ကျေးမှု၊စာပေတို့အား ထိန်းသိမ်းမြှင့်တင်ရန်၊ဗလငါးတန်ဖွံဖြိုးလာစေရန်၊ခေတ်မီဖွံဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာစေရေးအတွက် လူငယ်များကစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်စေရန်အတွက်လည်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“မျိုးဆက်သစ်လူငယ်တွေက ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရာမှာ ကျရာအခန်းကဏ္ဍကနေပါဝင်ကြစေလိုပါတယ် လူတိုင်းအတွက် ငြိမ်းချမ်းရေးသယ်ဆောင်ပေးနိုင်ဖို့ ကျောင်းသားလူငယ်တွေအနေနဲ့ ပညာနဲ့အတူ ငြိမ်းချမ်းရေးမျိုးစေ့တွေကိုသယ်ဆောင်ကြဲပက်ရပါမယ်”ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

လူငယ်ရေးရာကော်မတီစုံညီပွဲတော်အား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့်ထူးချွန်ကျောင်းသား၊ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူ ၂၅၀၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here