ပြေးဆွဲမှုရပ်နားထားသည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည့် လားရှိုး-မန္တလေး ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲပေးရန် ဒေသခံများဆန္ဒရှိနေ

0
196

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ပြေးဆွဲမှုယာယီရပ်နားထားသည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည့် လားရှိုး-မန္တလေး ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲပေးရန် လားရှိုးဒေသခံများကဆန္ဒရှိနေကြောင်း သိရသည်။

“လားရှိုး-မန္တလေး ရထားပြေးဆွဲတာကို ကိုဗစ်စဖြစ်ထဲက ရပ်ထားတာဆိုတော့ အခုချိန်အထိဆိုရင် ၃ နှစ်လောက်ရှိသွားပြီ ကိုဗစ်ဖြစ်တာနည်းလာပြီဆိုတော့ပြန်ဖွင့်စေချင်တယ် ရထားနဲ့ဆိုရင်သွားလာရတာအဆင်ပြေတယ်”ဟု လားရှိုးမြို့နေ ကိုအောင်ဝင်းကပြောသည်။

ရထားပြေးဆွဲမှုရပ်နားထားသဖြင့် လားရှိုးဘူတာ၏ ဘူတာအဆောက်အဦးများအရောင်မှေးမှိန်ခြင်းနှင့်ဘူတာအတွင်းနှင့်ဘူတာအပြင်ဘက်တို့အား ဆေးသုတ်ခြင်းနှင့်သန့်ရှင်းရေးပြုလုပ်ခြင်းတို့အား ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက လားရှိုးမြို့တာဝန်ရှိသူများနှင့်လုံခြုံရေးအဖွဲ့ဝင်များက ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“စစ်သားတွေ၊ရဲတွေနဲ့တာဝန်ရှိတဲ့လူတွေ လားရှိုးဘူတာကိုသန့်ရှင်းရေးလာလုပ်သွားတယ် အဲဒီတော့ ရထားလမ်းပြန်ဖွင့်တော့မယ်လို့တော့မျှော်လင့်ရတာပဲ လားရှိုးကနေ မန္တလေးကိုကားနဲ့သွားမယ်ဆိုရင် ပိုက်ဆံကုန်တာများတယ် ရထားနဲ့ဆိုရင်ကုန်ကျစရိတ်သိပ်မရှိဘူး”ဟု ကိုအောင်ဝင်းကပြောသည်။

လားရှိုး-မန္တလေးရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးပါက ဒေသထွက်ကုန်များအား ကုန်ကျစရိတ်သက်သက်သာသာဖြင့် လွယ်ကူစွာပို့ဆောင်နိုင်မည်ဖြစ်၍ ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်ရန် ဒေသခံများကဆန္ဒရှိနေခြင်းဖြစ် ကြောင်း သိရသည်။

“ရထားလမ်းပြန်ပွင့်သွားပြီဆိုရင်တော့အကောင်းဆုံးပေါ့ ဒါပေမယ့် ရထားလမ်းပိုင်းလုံခြုံရေးကလည်းအရေးကြီးတယ် ဒီရက်အတောအတွင်းမှာ ရထားလမ်းတွေခနခနမိုင်းဖောက်ခွဲခံနေရတာကြားနေရတယ် လုံခြုံတယ်ဆိုရင်တော့ ရထားနဲ့သွားရတာကအဆင်ပြေတယ်”ဟု လားရှိုးမြို့နေ ကိုဇော်ဝင်းရှိန်ကပြောသည်။

Photo-ကိုမင်းမင်း


LEAVE A REPLY

Please enter your comment!
Please enter your name here